Monday, November 19, 2012

ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့် အကျဉ်းသား ၆၆ဦးတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ကြောင်း သိရ




နိုဝင်ဘာလ ၁၈ ရက်နေ့ နိုင်ငံပိုင် ရုပ်သံများတွင် ကြေငြာခဲ့သော ထပ်မံ လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးလိုက်သည့် အကျဉ်းသား ၆၆ဦး တွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။နိုင်ငံတော် တည်ဆောက်ရေးအတွက် တစ်ဖက်တစ်လမ်း
မှအထောက်အပံဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကျဉ်းသား ၄၅၂ဦးနှင့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အကျဉ်းသား ၆၆ ဦး စုစုပေါင်း ၅၁၈ ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင် နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဖော်ပြချက်အရ သိရသည်။                      
ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့် အကျဉ်းသား ၆၆ ဦး အနက်မှ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ခဲ့ရာ သာယာဝတီထောင်မှ ကိုလက်ယျာထွန်း၊ ကိုသိန်းခေါ်(ခ) ကိုသိန်းထွန်း၊ ကိုမြင့်ဟန်၊ ကိုနိုင်အောင်နှင့် ကိုသန့်ဇင်(ခေါ်)သန့်ဇော်ဆွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ၀န်းကျင် လွတ်မြောက်မည်ဟု အကျဉ်းသားများ၏ မိသားစုများထံမှ စုံစမ်းသိရှိရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က နိုဝင်ဘာလ ၁၈ ရက်နေ့ည ၁၂ နာရီအချိန်က ပြောကြားခဲ့သည်။
''ရမည်းသင်းထောင်က ကိုဇော်ဇော်အောင်လည်း လွတ်မယ်လို့ကြားရတယ်။ ကိုဇော်ဇော်အောင် လွတ်တယ်ဆိုရင် သူနဲ့အမှုတွဲအတူဖြစ်တဲ့ လွိုင်ကော်ထောင်က ကိုမြင့်အေး၊ ကလေးက ကိုရန်ရွှေတို့လည်း လွတ်မြောက်ဖို့ ရာခိုင်နှုန်း အတော်များပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့က လူ့အခွင့်အရေး ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး အကျဉ်းချခံထားရသူတွေပါ။ အကိုတို့အဖွဲ့အနေနဲ့ အကျဉ်းသားတွေ လွှတ်ပေးတယ်လို့ သတင်းမှာ ကြေငြာကတည်းက အကျဉ်းထောင်အသီးသီးကို ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး နိုင်ငံရေးအကျဉ်းသား ဘယ်လောက်လွတ်တယ် ဆိုတာကို စုံစမ်းနေပါတယ်။ အကိုတို့အဖွဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကို နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကြိုဆိုပါတယ်။ အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးပါလို့ တောင်းဆိုပါတယ်'' ဟု ကိုထွန်းကြည်က ပြောပါသည်။
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည့် အကျဉ်းသားများအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ သာယာဝတီထောင်သို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ လွတ်ငြိမ်းသက်သာခွင့် ပြုပေးခဲ့သည့် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ အဆိုပါ လွတ်ငြိမ်းသက်သာခွင့်အား ရှုတ်ချကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။

Ref: Eleven Media Group

No comments:

Post a Comment