Thursday, November 1, 2012

ဧရာဝတီတိုင်းဝန်ကြီးက လွှတ်တော်အမတ်များကိုတောင်းပန်





  သန့်စင်ငြိမ်းချမ်း~

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းကလွှတ်တော် ကိုယ်စား လှယ်များ အပေါ် ၎င်းပြောဆိုခဲ့သည်များကို ယမန်နေ့ကကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တောင်းပန်စကား ပြောကြားခဲ့သည်။ 

ဝန်ကြီးဦးသန်းထွန်းက ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် ဓနုဖြူမြို့၌ ဌာနဆိုင်ရာ ၀န်ထမ်းများအား ဘယ် လွှတ်တော် ကိုယ်စားလှယ်က ခေါ်ခေါ်သွားစရာမလိုကြောင်း၊ တံဆိပ်တုံးရိုက်ခေါ်တောင် သွားစရာ မလိုကြောင်း ပြောဆိုခဲ့သည်။ 

ယင်းစကားများမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တားဆီး နှောင့်ယှက် သည်ဟု ဆိုကာ လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး လက်မှတ်ထိုး၍ လွှတ်တော်သို့ တိုင်ကြားကာ စွပ်စွဲပြစ်တင် အဆိုတင်သွင်းပြီးနောက် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက   ပြန်လည်တောင်းပန် ခဲ့ခြင်း ဖြစ်သည်။ 

 “ကျနော့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း၊ ကြည်ညို လေးစားမှု   လျော့နည်း စေလိုသည့် ဆန္ဒမရှိဘဲ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု၊ ပြည်ခိုင်ဖြိုး အသင်းကြီး စတင်ဖွဲ့ စည်းစဉ် ကတည်းက လက်တွဲ ဆောင်ရွက်ခဲ့သည့် မိတ်ဆွေ အရင်းအချာများဖြစ်၍ အလွတ်သဘော ပြောဆို ခဲ့ခြင်းသာ ဖြစ်ပါသည်။ 

ကျနော်၏ အလွတ်သဘော ပြောဆိုမှုမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထိပါးမှု ရှိခဲ့ပါက လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်”ဟု ၀န်ကြီး ဦးသန်းထွန်းက လွှတ်တော်တွင် ပြောဆို ခဲ့သည်။ 

ဝန်ကြီးချုပ် ဦးသိန်းအောင်ကလည်း ၎င်းအနေဖြင့် ဦးသန်းထွန်းအား သက်သေများ ရှေ့မှောက်တွင် အလေးအနက် သတိပေးဆုံးမထားခဲ့ပြီး နောက်နောင် ထိုသို့မဖြစ်စေရန် ၀န်ခံလက်မှတ် ရေးထိုးစေ ခဲ့ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။ 

စွပ်စွဲပြစ်တင်အဆိုကို ပြီးခဲ့သည့်သြဂုတ်လလယ်ပိုင်းက ကျင်းပခဲ့သည့် ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၂) တွင် လွှတ်တော်အမတ် ၁၉ ဦး ကိုယ်စား ဓနုဖြူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ဦးသန်းထွန်းက တောင်းပန်စကားပြောခဲ့ခြင်းနှင့် ၀န်ကြီးချုပ်၏ရှင်းလင်းတင်ပြမှုတို့ကြောင့် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဝင်းက ၎င်း၏အဆိုကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ “ကျနော်တို့အားလုံးဟာ လုပ်ဖော် ကိုင်ဖက်တွေဖြစ်တယ်။ 

လွှတ်တော်ကနေလည်း တရားဝင် တောင်းပန်တယ်။ ဒီလိုအဖြစ်မျိုး နောက်မကြုံအောင် ထိမ်းသိမ်းမယ်လို့ ၀န်ကြီးချုပ်ကိုယ်တိုင် လွှတ်တော်ကို ကတိပေးခဲ့တဲ့အတွက် ကျနော်တို့အားလုံး ကျေနပ်ပါတယ်”ဟု ဦးနိုင်ဝင်းက ဧရာဝတီကို ပြောသည်။ 

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးကို ယခုလ ၈ ရက်နေ့မှ ၃၁ နေ့အထိ ပုသိမ်မြို့လွှတ်တော်ခန်းမတွင် ကျင်းပခဲ့သည်။ လွှတ်တော်အစည်းအဝေးအတွင်း ဧရာဝတီတိုင်းဒေသကြီး ကျေးရွာထင်းစိုက်ခင်းဥပဒေနှင့် အိမ်တွင်း စက်မှု လက်မှု လုပ်ငန်းများ ဥပဒေ တို့ကို ပြဌာန်းနိုင်ခဲ့ပြီး တိုင်းဒေသကြီး၏ ဘတ်ဂျတ်ရေးရာ၊ ဥပဒေရေးရာ၊ လယ်ယာမြေနှင့် အင်းလုပ် ငန်းများ၊ မြေယာ သိမ်းဆည်းခံရမှုများစသဖြင့် ဆွေးနွေးခဲ့ကြသည်။ 

ဧရာဝတီတိုင်းလွှတ်တော်တွင် အရပ်သားလွှတ်တော်ကိုယ်စားလှယ် ၅၄ ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦး စုစုပေါင်း ၇၂ ဦး ရှိသည်။ 

အရပ်သားများထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၄၇ ဦး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ် ရေးပါတီမှ ကိုယ်စားလှယ် ၆ ဦးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁ ဦး ပါဝင်သည်။ 
From -ဧရာဝတီ

No comments:

Post a Comment