Sunday, November 25, 2012

သံသယ စိတ်ကြောင့်သာအကြမ်းဖက်မှုများဖြစ်ပေါ်လာသည့်ဟုပြော


http://arakantimes.net/burmese/images/TheinHtayconfress.jpg
ရခိုင်ပြည်တွင်းဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများသည် ရခိုင်တိုင်းရင်း သားများနှင့် ဘင်္ဂလီလူမျိုးများအကြား သံသယစိတ်များကြောင့် ဖြစ်ပေါ်ခဲ့ရ သည် ဟု ယူဆကြောင်း နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက နိုဝင်ဘာလ ၂၁ ရက်နေ့ မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"လူမျိုးနှစ်မျိုးရဲ့ အကြီးအကဲတွေကို ထိတွေ့ပြီး သူတို့ရဲ့ခံစားချက်တွေကို
ကြိမ်ဖန်များစွာမေးပါတယ်၊ အဓိကကျတဲ့ အချက်ကတော့ တရားမ၀င်ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးများသည် နိုင်ငံသားဖြစ်သွားတာတော့၊ မှတ်ပုံတင်ရသွားတာတော့ ရှိပါတယ်၊ ဘင်္ဂလီလူမျိုးတွေကလည်း တရားမ၀င်ခိုးဝင်လာတဲ့သူတွေ ရှိချင်ရှိပါမယ်၊ ဒါပေမယ့် သူတို့တွေကဘိုးဘွားဘီဘင်တွေ လက်ထက်က နေထိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီလို နေထိုင်ခဲ့တဲ့အပေါ်မှာလည်း အီစ္စလမ် ဘာသာဝင်ဖြစ်တဲ့သူတိုင်းကို ရခိုင်အမျိုးသားတွေအနေနဲ့ တရားမ၀င်ခိုးဝင်သူတွေလို့ဘဲ သံသယဖြစ်နေတဲ့အပေါ်မှာ ခံစားရပါတယ်၊ ဒီအပေါ်မှာ မစစ်ဆေးဘူးဆိုရင် နှစ်ဘက်စလုံးက သံသယစိတ်ကြောင့် အန္တရာယ်ကြီးပါတယ်၊ ဒီလို သံသယစိတ်ကြောင့်လည်း အခိုလိုအကြမ်းဖက်မှုတွေ ဖြစ်ပွားတယ်လို့ ယူဆတဲ့ အတွက်ကြောင့်စစ်ဆေးပါတယ်၊" ဟု ဦးသိန်းဌေးက ပြောသည်။
နိုင်ငံသားဖြစ်မှု ဥပဒေတွင် တိုင်းရင်းသားများသည် ၎င်းတို့၏ မွေးရာပါအခွင့်အရေးအရ နိုင်ငံသားဖြစ်ခွင့်ရှိပြီး၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများသည် ဥပဒေအရနိုင်ငံသားဖြစ်ခွင့်ရှိပြီး စစ်ဆေးမှုများ ပြုလုပ်ရာတွင် လက်ရှိမြန်မာနိုင်ငံအတွင်း ရောက်ရှိနေသည့် ဘင်္ဂလီများသည် မူလကတည်းကနေထိုင်သူများ ဖြစ်သလား၊ သို့တည်းမဟုတ် နောက်မှ တရားမ၀င် ခိုးဝင်လာသူဖြစ်သလား ဆိုသည့်အချက်အပေါ်တွင် စစ်ဆေးမည်ဖြစ်ပြီး ၁၉၈၂ ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဟု ဦးသိန်းဌေးပြောသည်။
အမေရိကန် သမ္မတ အနေဖြင့် မြန်မာနိုင်ငံသို့ အလယ်အပတ်ရောက်ရှိစဉ် ရိုဟင်ဂျာဟူသော စကားလုံးကို သုံးစွဲခဲ့သော်လည်း နယ်စပ်ရေးရာဝန်ကြီးကရိုဟင်ဂျာဆိုသော အသုံးအနှုန်းသည် အင်မတန်မှ အငြင်းပွားစရာဖြစ်သည့်အသုံးအနှုန်း ဖြစ်ကြောင်း၊ မိမိတို့ပြည်ထောင်စု အစိုးရအနေနှင့်ပါ၊ ရှေးကအစိုးရအဆက်ဆက် အနေနှင့်ပါ ရိုဟင်ဂျာဆိုသည့် အခေါ်အဝေါ်ကို သော်လည်းကောင်း၊ တိုင်းရင်းသားဆိုသည့် အချက်ကို သော်လည်းကောင်း လက်ခံထားခြင်း မရှိကြောင်းစသည်ဖြင့် ဆက်လက် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ဒေသခံရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား အကြမ်းဖက်မှုများကြောင့်လူသေဆုံးမှုများနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ အဆိုပါအကြမ်းဖက်မှုများ ဖြစ်ပွားပြီး ဇွန်လနှောင်းပိုင်းတွင် ဒေသအခြေအနေပြန်လည်တည်ငြိမ်စ ပြုလာခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့၌ ဒေသခံရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား ပဋိပက္ခများပြန်လည်ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုများနှင့် နေအိမ်အဆောက်အအုံများပျက်စီးမှုများ ရှိခဲ့သည်။

Arakantimes.net

No comments:

Post a Comment