Monday, November 5, 2012

နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့် များနှင့်ပတ်သက်ပြီး ၁၉၈၂ ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရှိရွာ ၅ ရွာအား နိုဝင်ဘာ ၆ ရက်နေ့မှ စတင်စစ်ဆေးသွားမည်

မြန်မာနိုင်ငံသား ဖြစ်ခွင့် မဖြစ်ခွင့် ကိစ္စရပ်များနှင့် ပတ်သက်ပြိး ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ကျေးရွာ ၅ ရွာအား နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် အဖွဲ့ဝင် ၁၈ ဦး ပါဝင်မည်ဖြစ်ကြောင်း၊ ထိုအဖွဲ့ဝင်များတွင် လ၀က၊ နကစ၊ စစ်တပ်၊ ရဲ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အစရှိသူတို့အပြင် ရခိုင်ကိုယ်စားလှယ်၊ နှင့် ဘင်္ဂါလီ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

'' မနက်ဖြန်မှာ စပြီးသွားကြမှာဖြစ်ပါတယ်။ ပေါက်တောမြို့နယ်ဆင်တက်မော်(ဆင်နမော်)၊ ကြယ်နီပြင်၊ ငှက်ချောင်း၊ စစ်ကဲပြင်နဲ့ င၀က်ချောင်း ရွာတွေမှာ စပြီး စစ်ဆေးမှာဖြစ်ပါတယ်။ အဲဒီကပြီးရင်တော့
စစ်တွေမှာလည်း လုပ်သွားမယ်၊ နေရာချထားရေးကိုတော့ ဘယ်လိုစီစဉ်မယ် ဆိုတာကို လောလောဆယ်ပြောဖို့ စောပါသေးတယ်။ နောက်မှ ဆုံးဖြတ်သွားမှာပါ" ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်မြိုင်က နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။

လက်ရှိ ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တည်ငြိမ်အေးချမ်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ တည်ငြိမ်နေသည့်နှင့်အညီ
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်အညီ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မည်သည့်ဘက်ကိုမှ သာစေ နာစေဟု သဘောမထားဘဲ တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားဖြစ်ခွင့် ရှိသူများကို ဖြစ်ခွင့်ပေးပြီး ဖြစ်ခွင့်မရသူများကိုလည်း ဖြစ်ခွင့်ပေးမည် မဟုတ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက နိုဝင်ဘာလ ၃ ရက်နေ့က
မြို့မိမြို့ဖများ၊ ဘင်္ဂါလီ ဘာသာရေးခေါင်းဆောင်များနှင့် စစ်တွေမြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ပေါက်တောမြို့နယ်အတွင်း မကြာသေးမီက နေအိမ်များမီးရှို့မှုများဖြစ်ခဲ့သဖြင့် လက်ရှိတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့်အတွက် ပေါက်တောမြို့နယ်အတွင်းရှိ
ကျေးရွာအချို့တွင် ဘင်္ဂါလီများ စုဝေးနေထိုင်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့နေထိုင်ခြင်းအတွက် ရွာခံတိုင်းရင်းသားများအနေဖြင့် အခက်ခဲများ ဖြစ်ပေါ်လျက်ရှိရာ ထိုသို့လျင်မြန်စွာ စစ်ဆေးပြီး
နိုင်ငံသားဖြစ်ခွင့်ရှိသူများနှင့် ဖြစ်ခွင့်မရှိသူများကို နိုင်ငံတော်၏ အစီအမံအတိုင်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ စစ်ဆေးရေးအဖွဲ့အနေဖြင့် နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်တွေမြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
EMG မှဖော်ပြချက်ဖြစ်ပါသည်။

No comments:

Post a Comment