ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ပြုလုပ်နေသော (၂၁) ကြိမ်မြောက်
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများ အနက် အာဆီယံ
နိုင်ငံခြားရေး ၀န်ကြီးများ အစည်း အဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့က
ဖနွမ်းပင်မြို့ရှိ Peace Palace အဆောက် အအုံ၌ ကျင်းပခဲ့ရာ
ထိုအစည်း
အဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မည်သည့် အကြောင်း အရာကိုမှ
ဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရပါသည်။
"ဒီနေ့ အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာ
မရှိပါဘူး”ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် သံတမန်တစ်ဦးက Eleven Media
Group သို့ အတည် ပြုပြောကြားခဲ့ပါသည်။
သို့သော် နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အလုပ်သဘော ညစာ စားပွဲတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ တိုးတက်မှု ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အရေးနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်သင့် ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်မည့် အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက် တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာ တစ်ခုကို ထည့်သွင်း ဖော်ပြရန် စီစဉ်ခဲ့သဖြင့် အဆိုပါ ထည့်သွင်းမည့် အရေးကို မြန်မာသံတမန်များက လက်မခံဘဲ ကန့်ကွက်ခဲ့ကြကြောင်း သိရပါသည်။ ထိုသို့ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာကို ထည့်သွင်းမည် ဆိုပါက ဒေသတွင်း ပြဿနာများ ခေါင်းစဉ်အောက်တွင် မထည့်သွင်းဘဲ အခြားတစ်နေရာတွင် ထည့်သွင်းရန် စီစဉ်မှုများ ရှိခဲ့သည်ဟု သိရပါသည်။
အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက်တွင် ထည့်သွင်းမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စတင်မည့် အာဆီယံ ထိပ်သီးခေါင်းဆောင်များ၏ ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးပွဲရှိပါသည်။
အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် အတူ ပြုလုပ်သော အာဆီယံ စီးပွားရေး ၀န်ကြီးများ အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အကြောင်းအရာများ မပါဝင်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကံဇော်က အစည်းအဝေးအပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက Peace Palace ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်သော မေးခွန်းတစ်ရပ်ကို သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အလုပ် သဘော ညစာစားပွဲတွင် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ယင်း ကိစ္စကို လျစ်လျူမရှုထားကြောင်း၊ မြန်မာအစိုးရအနေ ဖြင့်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kao Kimhuom က ပြောကြားခဲ့ပါသည်။

Ref: Eleven Media Group
No comments:
Post a Comment