Friday, November 9, 2012

မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချိတ်ဆက်ရန် လိုဟု ဒဲရစ်မစ်ချယ် ဆို

 
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ဖော်ဆောင်လျက် ရှိသည့် မြန်မာနိုင်ငံ အနေနှင့် မြေမြှုပ်မိုင်း အန္တရာယ် ကင်းရှင်းရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ် က အကြံပြု ပြောကြားသည်။

နေပြည်တော် ၌ နိုဝင်ဘာ လ ၇ ရက်နေ့ မှ ၉ ရက်နေ့ အထိ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန် လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ မြေမြှုပ် မိုင်း ရှင်းလင်းရေး အဖွဲ့အစည်း များ သုံးရက်ကြာ ပြုလုပ်သည့် မိုင်းအန္တရာယ် ပညာပေးရေး အလုပ်ရုံ အစည်းအဝေး တွင် အမေရိကန် သံအမတ်က အထက်ပါ အတိုင်း အကြံပြု ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မိုင်းအန္တရာယ် ပညာပေး ဖြစ်စေ၊ ရှင်းလင်းရေး ဖြစ်စေ၊ အကူအညီ ပေးရေး ဖြစ်စေ ပြည်သူ လူထု ကို စဉ်းစား ပေးခြင်းပင် ဖြစ်ပြီး မြေမြှုပ်မိုင်း ရှင်းလင်း မှသာ မိုင်းအန္တရာယ် ကျရောက်လျက် ရှိသော ဒေသ မှ ပြည်သူများ လွတ်လပ်စွာ ရွှေ့ပြောင်း သွားလာ အလုပ် လုပ်ကိုင် နိုင်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောဆိုသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ် မြတ်မြတ်အုန်းခင် ကလည်း ငြိမ်းချမ်းရေး လုပ်ငန်း များနှင့် ယင်းဒေသများ ဖွံ့ဖြိုးရေး အတွက် မိုင်း အသိပညာ ပေးခြင်း၊ ဒုက္ခ ရောက်သူများ ကို ထောက်ပံ့ခြင်း၊ မိုင်း ရှာဖွေခြင်း တို့ကို ဆောင်ရွက်ရန် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ လ မှ စတင်ကာ ဒေသခံ ပြည်သူများ နှင့် အဖွဲ့အစည်း များ ဆွေးနွေးပွဲ များ ပြုလုပ်၍ ယင်း ရလဒ်များ အရ လုပ်ငန်းစဉ် များ ဆက်လက် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ကတိပြု ပြောကြား သည်။

ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) ကမူ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးက ကချင်ပြည်နယ် သို့ သွားရောက် လေ့လာ ခဲ့ပြီးမှသာ မြန်မာနိုင်ငံ ၌ မြေမြှုပ်မိုင်း ပညာပေးရေး များ စတင် လုပ်ကိုင် လာခြင်း ဖြစ်ကြောင်း ထောက်ပြသည်။

ကချင်ပြည်နယ် အတွင်း၌ လယ်မြေ၊ ယာမြေ များသို့ သွားရာလမ်း များတွင် ထောင်ထားသည့် မြေမြှုပ် မိုင်း အန္တရာယ် ကြောင့် တောင်သူ များမှာ လယ်မလုပ်ရဲ တော့ကြောင်း ယခုနှစ် ဇူလိုင်လ အတွင်းက ကချင်ပြည်နယ် သို့ သွားရောက် လေ့လာ ခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က ဆိုသည်။

မြန်မာနိုင်ငံ တွင် မြေမြှုပ်မိုင်း များကို ကချင် ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း တို့ရှိ မြို့နယ် များတွင် မြှုပ်နှံ ထားကြောင်း မြေမြှုပ်မိုင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (Landmine Monitor) က ကြေညာ ထားသည်။
 
The Voice Weekly

No comments:

Post a Comment