Friday, November 23, 2012

ကြေးနီစီမံကိန်း ပြဿနာ ကော်မတီဖွဲ့ စစ်ဆေးရန် လွှတ်တော် ဆုံးဖြတ်လိုက်ပြီ



စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်း ရပ်တံ့ရေးတောင်းဆိုမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ေ ဆးေ ရး ကော်မတီအဖွဲ့ ဖွဲ့၍ စစ်ဆေးရန် ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးက သဘောတူ ဆုံးဖြတ်လိုက်ကြသည်။ထိုစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံ တောင်သူများနှင့် လူမှုအဖွဲ့အစည်းများ
က နှစ်ဝက်ကျော်ကြာ ဆန္ဒပြ တောင်းဆိုမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရေးပေါ် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ဒေါ်ခင်စန်းလှိုင်က ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ဖြစ်နေတဲ့အတွက်ကြောင့် ဒါတွေကို ကျယ်ကျယ်လောင်လောင် အော်နေကြတယ်၊ စုံစမ်းစစ်ဆေးမှု လုပ်သင့်တယ်ဆိုတဲ့ အဆိုကို ကော်မတီတရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီတော့ ပြည်ထောင်စုအစိုးရက တိုက်တွန်းတာပေါ့” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
NLD အမတ်၏ အဆိုကို ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စနစ်တကျ ဥပဒေ စည်းမျဉ်းစည်းကမ်းများဖြင့် လုပ်ဆောင်ကြောင်း၊ ဒေသခံ ရွာသူရွာသားများကိုလည်း အထောက်အပံ့များ ပေးကြောင်း၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ် အသီးသီးကိုလည်း စောင့်ရှောက်မှု ပေးထားကြောင်း ပြည်သူ့လွှတ်တော်၌ ရှင်းလင်းသည်။
သို့သော်လည်း ပြည်သူများအနေဖြင့် ယခုကဲ့သို့ တောင်းဆိုလာမှုများအပေါ် အငြင်းပွားစရာ ဖြစ်နေသည့်အတွက် စစ်ဆေး ဆုံးဖြတ်သင့်ကြောင်း လွှတ်တော်က သဘောတူဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ဗိုလ်ချုပ် (ကြီး) ဝေလွင်က ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ဘက်က ဥပဒေနဲ့အညီ လုပ်ဆောင်ပေမယ့် ပြည်သူတွေက တောင်းဆိုမှု ရှိလာတဲ့အတွက် လွှတ်တော်က တစုံတရာ အဆုံးဖြတ်ချက်ချ လုပ်မယ်ဆိုရင်လည်း မငြင်းဘူးဆိုတဲ့ သဘောမျိုးပြောတဲ့ အတွက်ကြောင့် တခါတည်း ဆုံးဖြတ်ချက်ချလိုက်တယ်။ လွှတ်တော်က ဒီဆုံးဖြတ်ချက်ကို သမ္မတဆီကို သဝဏ်လွှာပို့လိုက်မှာပေါ့၊ မနက်ဖြန်ပို့လိုက်ရင် သန်းဘက်ခါ ဆက်လုပ်ဖို့ရာက သူတို့ရဲ့ အစီအစဉ်ပဲလေ” ဟု ဦးဘရှိန်က ပြောသည်။
စစ်ဗိုလ်ချုပ်များ ဦးစီးသော စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီတို့က ကြေးနီစီမံကိန်းအတွက် ဒေသခံတို့၏ လယ်ယာမြေများကို အဓမ္မသိမ်းယူခြင်း၊ သဘာဝ တောင်တန်းများကို ဖျက်ဆီးခြင်းနှင့် စီမံကိန်း အညစ်အကြေးများကြောင့် ကျန်းမာရေး ထိခိုက်မှုများကြောင့် ဒေသခံများနှင့် လူမှုအဖွဲ့များက နှစ်ဝက်ကျော်ကြာ ဆန္ဒပြလာခဲ့ပြီး ယခုအခါ စီမံကိန်း လမ်းကြောင်းများကို ပိတ်ဆို့ဆန္ဒပြသည်အထိ အရှိန်မြင့်တက်နေသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ၌ လယ်ယာမြေ အသိမ်းခံထားရသည့် ဒေသခံပြည်သူများ၊ ရဟန်းသံဃာများ၊ လူထုအခြေပြု အဖွဲ့အစည်းများမှ အင်အား ၁၀၀၀ ကျော်ကလည်း သပိတ်စခန်း ၅ ခုအထိ တိုးမြှင့်ကာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ၀မ်ပေါင်ကုမ္ပဏီ ဖျက်သိမ်းရေး၊ ဦးပိုင်ကုမ္ပဏီ ဖျက်သိမ်းရေး  ဒို့အရေး စသည့် ဆောင်ပုဒ်များနှင့် ကြွေးကြော် ဆန္ဒပြနေသည်။
အဆိုပါ သပိတ်စခန်းများကို စီမံကိန်း အဝင်အထွက်လမ်းမကြီး၊ ဝမ်ပေါင်ကုမ္ပဏီရှေ့နှင့် လယ်တီဆရာတော်ဘုရားကြီး သတင်းသုံးခဲ့ဖူးသည့် သိမ်ကျောင်းဆောင်တို့၌ ဖြန့်ကြက်ဖွင့်လှစ်ထားပြီး စီမံကိန်း လည်ပတ်စေမည့် လမ်းကြောင်းများကို ပိတ်ဆို့ကာ သပိတ်ဆင်နွှဲနေကြသည်။
“အခု သပိတ်က အရှိန်ထပ်မြှင့်လိုက်ပြီး သပိတ်စခန်း ၅ ခုဖြစ်သွားပြီ။ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းသွားတဲ့အထိ တောင်းဆိုသွားကြဖို့ အားလုံးက သဘောတူကြပြီး ဖြစ်တယ်” ဟု သပိတ်ဆင်နွှဲသည့်အထဲတွင် ပါဝင်သူ ပြည့်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင် ကိုအောင်စိုးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် စီမံကိန်း ပတ်ဝန်းကျင်ရှိ ၀က်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီးတောစသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခံထားရသည်။ စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုမှုများ မေလမှစ၍ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည့်အတွက် ထိုဒေသ၌ ဇူလိုင်လ ၂၃ ရက်မှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။
၂၀၁၀ ဒီဇင်ဘာလထဲတွင် ဓာတ်သတ္တုရှာဖွေ စမ်းသပ်ရန် ဖြတ်သန်းသွားလာရေးအတွက် လမ်းကြောင်းကျသည့် သီးနှံစိုက်ခင်းများကို ၃ နှစ်စာ လျော်ကြေးအဖြစ် ကျပ် ၅ သိန်း ၂ သောင်း နှုန်းဖြင့် ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် မြေယာလျော်ကြေး အဖြစ် ပေးချေခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကိုယ်တိုင် ပြောဆိုခဲ့ပြီးနောက် ဒေသခံတို့ယာမြေများ သိမ်းယူခံလိုက်ရခြင်းဖြစ်သည်။
အဆိုပါ ကြေးနီစီမံကိန်း လုပ်ငန်းခွင်များမှ စွန့်ပစ်ပစ္စည်းများ၊ ဆာလဖြူရစ် အက်စစ် စက်ရုံတို့ကြောင့် ဒေသတ၀ိုက်တွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများရှိကြောင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များကလည်း ထောက်ပြ ဝေဖန်မှုများ ရှိသည်။
ဆားလင်းကြီး မြို့နယ်အတွင်းရှိ ကြေးစင်တောင်နှင့် လက်ပံတောင်းတောင် ဒေသများရှိ ကြေးနီစီမံကိန်းများအား စီးပွားရေး ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများ ဖြစ်သည့် ၀မ်ပေါင်၊ မြန်မာ ယမ်စီ ကုမ္ပဏီများက၂၀၁၁ ခုနှစ် နှောင်းပိုင်းမှစတင်၍ ကြေးနီ တူးဖော်မှု လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဆားလင်းကြီး ကြေးနီစီမံကိန်းအပြင် မုံရွာတွင်လည်း ကြေးနီ စီမံကိန်းတခုရှိကာ တရုတ် ကုမ္ပဏီများက ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ မုံရွာကြေးနီ စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီ စီမံကိန်းတခုဖြစ်ပြီး ယခင် မြန်မာအစိုးရ အမှတ် (၁) သတ္ထုတွင်း ၀န်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီ (Ivanhoe Mines) တို့ ပူးပေါင်းဖွဲ့စည်းထားသော မြန်မာ အိုင်ဗင်ဟိုး ကြေးနီ ကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper Company Limited – MICCL) က လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ထို MICCL အား ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဘဏ္ဍာရေး ၀န်ကြီးဌာနက တားမြစ်ထားသည့် ကုမ္ပဏီများစာရင်းတွင် ထည့်သွင်းခဲ့သည်။

ဧရာဝတီသတင်းဌာန
 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ယခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ် 
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

No comments:

Post a Comment