Sunday, November 18, 2012

လင်းယုန်ကြီးတို့ ခြေအချ

နောက်ထပ် အမေရိကန် ထိတ်ထိတ်ကြဲ အမှတ် သင်္ကေတ တစ်ခု မြန်မာ့မြေလှမ်း တော့မည်။ ပြန်လည် ဖူးပွင့်စ မြန်မာ့မြေကို အမေရိကန် ထိပ်တန်း ကုန်အမှတ်တံဆိပ်များ ဖြစ်သော GE ၊ ကိုကာကိုလာ၊ ပက်ပ်စီတို့ ခြေချ ခဲ့သည်မှာ များမကြာသေးပါ။
ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ပေါ်ရှိ မြန်မာကို အားပေး ထောက်ခံရန် အမေရိကန်၏သမ္မတ အိုဘားမား အထီး ကျန်မြေတွင် သမိုင်းဝင် ခြေချတော့မည်။

သမိုင်းတင်မည့်ရက်ကား ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်။ ဦးသိန်းစိန် သမ္မတအဖြစ် လက်ရှိသက်တမ်း တာဝန် ယူပြီး လ ၂၀ အကြာ၊ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် လာရောက်ပြီး ၁၁ လ အကြာ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၂၄ လ အကြာ။

အသော့နှင်ခြင်းလော


အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမို ကရေစီသို့ အပြောင်း နိုင်ငံများသို့ အမေရိကန်တို့ ပြန်လည် ထိတွေ့လေ့ရှိသော အလေ့အထ ပုံစံအရ ဆိုလျှင် အိုဘားမား ၏ မြန်မာသို့ ခြေလှမ်းသည် အသော့ နှင်သည်ဟုဆိုကြသည်။
သမိုင်းစဉ်အရ ယင်းသို့သော အာဏာရှင်နိုင်ငံများ တံခါးစအဖွင့် တွင် အတန်ငယ် မပျော့ပျောင်းသော နိုင်ငံခြားရေး မူဝါဒဖြင့် အစပျိုးသည်။ ယင်းနောက် ဆက်ဆံရေး အဖွင့်တီးလုံး စလာသည်။ နောက်ဆုံးတွင် မိတ်ဖက် ဖြစ်လာတော့သည်။
ကနဦး အချက်ပြမှုမှာ နိုင်ငံခြား ရေးဝန်ကြီး ယင်းနိုင်ငံသို့ သွားရောက် ခြင်းပင်ဖြစ်သည်။
သို့ဆိုလျင် အဘယ်ကြောင့် အသော့နှင်သည်ဟုဆိုနိုင်သနည်း။
ဆောင်းပါးရှင် Max Fisher က The Washington Post သတင်းစာတွင် အောက်ပါ ဖြစ်ရပ်သုံးခု နှင့် ယှဉ်ထိုးကာ သွက်သွက်မြန်မြန် နှင်နေကြောင်း သုံး သပ်သည်။
တောင်အာဖရိက စအဖွင့် လပိုင်း အကြာ နိုင်ငံခြားရေး ဝန်ကြီး ရောက် လာသည်။ ရှစ်နှစ် အကြာမှ သမ္မတ ခြေလှမ်းသည်။ ဆားဗီးယားစ အဖွင့် တွင် နိုင်ငံခြားရေး ဝန်ကြီး အရောက်ပို့
ရန် ၁၀ နှစ် ကြာသည်။ သမ္မတ လာရန် ကား ၁၂ နှစ် ကြာသည်။ လစ်ဗျားတွင် နိုင်ငံခြားရေးဝန်ကြီး ရောက်ရန် ငါးနှစ် ကြာသည်။ သမ္မတကား ကိုးနှစ် အကြာ မှ ရောက်ရှိလာသည်။
မြန်မာတွင်ကား တံခါးဖွင့်ပြီး ရှစ်လ အကြာ နိုင်ငံခြားရေးဝန်ကြီး ရောက်လာသည်။ လ ၂၀ အကြာတွင် သမ္မတ ရောက်လာတော့မည်။
"ဒါဟာ စစ်အေးခေတ်လွန် ကာလ ပြန်လည် သင့်မြတ်မှု အတွက် အမြန်ဆုံး နဲ့ လက်တွေ့ အကျဆုံး မှတ်တမ်းတစ်ခု ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်" ဟု Max Fisher က ဆိုလေသည်။

မျှော်ချက်


မည်သို့ဆိုစေ ဖြူလွှနေပြီဖြစ် သော ဘိုဆံတောက် ပိုင်ရှင် အမေရိကန် ၏ ပထမဆုံး လူမည်းသမ္မတ ဘားရက်ခ် ဟူစိန် အိုဘားမားမှာ အထီးကျန် နိုင်ငံ သို့ လာရောက် ထွေးပွေ့တော့ မည်။ "တာဝန်သိတဲ့၊ တာ ဝန်ခံမှု ရှိတဲ့၊ ဂုဏ်သိက္ခာ ရှိတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ပြန်လည် ပေါ် ထွန်းလာဖို့အတွက် သမ္မတ အိုဘားမားရဲ့ ခရီးစဉ်က ကျွန်တော် တို့အတွက် အရေးပါ တာဖြစ်ပါတယ်" ဟုThe Voice Weekly ၏ ပင်တိုင်ဆောင်းပါးရှင် နေသန်မောင်က ဆိုသည်။
တင်းကျပ်သော အာဏာရှင် အောက်မှ ရုန်းထွက်ရန် ရောင်နီသန်း စအချိန် အိုဘားမား၏ ခရီးအပေါ် မြန်မာပြည်သူတို့၏ မျှော်ရည်ချက် ကား မည်သို့နည်း။
နိုင်ငံရေးဆိုင်ရာ ဖြေလျှော့မှု များ အထိုက်အလျောက် ခရီးရောက် နေပြီဖြစ်သော မြန်မာနိုင်ငံ အတွက် အိုဘားမား ခရီးစဉ်မှ စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများ ရရှိရန် တွေ့ဆုံမေး မြန်းခဲ့သူ အများစုက မျှော်လင့်ကြသည်။
ယင်းတို့တွင် စီးပွားရေး လုပ်ငန်း ရှင်၊ နိုင်ငံရေး သမားတို့အပြင် စီးပွားရေး ပညာရှင် အချို့လည်း ပါသည်။
"အခု အိုဘားမားလာမယ်ဆို တော့ စီးပွားရေးအရ ဈေးကွက်စီးပွား ရေးကျင့်သုံးနေပြီး နိုင်ငံရေးအရ ဒီမို ကရေစီကျင့်သုံးနေတဲ့ နိုင်ငံတွေကြား ဝင်ဆံ့လာမယ်" ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်သည်။
အမေရိကန်ကုမ္ပဏီကြီးများ သည်လည်း မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန် စိတ်အားထက်သန်နေသော ကြောင့် ယခုလာမည့် ခရီးစဉ်သည် နိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍ ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင် ကြောင်း သုံးသပ်သူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ခံနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ဖြစ်သည်။
"တရုတ်ပြည်ကို စီးပွားရေး ဖွံ့ဖြိုး လာတာ ကလင်တန် တရုတ်ပြည် ရောက်ပြီးမှ ဖြစ်လာတာ။ အခုလည်း ဒီအတိုင်းပဲ။ အိုဘားမားလာပြီးရင် မြန်မာ့စီးပွားရေး အပြောင်းအလဲ ဖြစ်နိုင် တယ်" ဟု ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဆိုသည်။
အခြား လုပ်ငန်းရှင်များ ကလည်း စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများကို မျှော်လင့်ကြသည်။
ခရီးစဉ်ကြောင့် စီးပွားရေး အခွင့်အလမ်း ပိုပွင့်ကာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို အများစု မှီခိုနေရသော မြန်မာ့စီးပွားရေး လုပ်ငန်းများ အနေနှင့် ရွေးချယ်စရာ ပိုမို များပြားလာမည် ဖြစ်ကြောင်း ပြောဆိုသူမှာ ဆန်စပါး လုပ်ငန်း အသင်းမှ ဒေါက်တာ စိုးထွန်း ဖြစ်သည်။
ပြီးခဲ့သည့် လပိုင်း အတွင်းက သမ္မတ ဦးသိန်းစိန် နှင့် သူ၏ အနီးကပ် လုပ်ဖော်ကိုင်ဖက် ဒေါ်အောင်ဆန်းစုကြည် တို့၏ အမေရိကန် ခရီးစဉ် အတွင်း မြန်မာပို့ကုန်များ တင်သွင်းခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းမည်ဟု သတင်းထုတ်ပြန် ခဲ့သော် လည်း ယနေ့အထိ သဲသဲကွဲကွဲ မသိရသေး သဖြင့် အားမရ သူများလည်း ရှိသည်။
စီးပွားရေး ပိတ်ဆို့မှုများ အားလုံး ပြန်လည် ဖွင့်ပေးမှုကို စီးပွားရေး လုပ်ငန်းရှင်များက မျှော်လင့်လျက် ရှိပြီး ယင်းတို့ ပြန်လည် ဖွင့်ပေးနိုင်ရန် မြန်မာ နှင့် အမေရိကန် အကြား နားလည်မှု တည်ဆောက်ရမည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။
"စီးပွားရေး ပိတ်ဆို့မှုတွေ ဘယ် အချိန်မှာ အလုံးစုံ ပြန်ဖွင့်မလဲ ဆိုတာ လည်း မှန်းဆဖို့ ခက်ပါတယ်" ဟု သူက ပြောကြားသည်။
ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ စီးပွားရေး ကျောင်းသူ တစ်ဦးဖြစ်ပြီး အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု အကြောင်း လေ့လာနေသူ မနွေးနွေးစိုးကလည်း ထိုနည်းတူ ရှုမြင်သည်။"ပို့ကုန် ပိတ်သိမ်း ထားတာကို အသေအချာ ရုပ်သိမ်း ပေးစေချင်တယ်" ဟု သူမက ဆိုသည်။
နောက်ထပ် စောကြောစရာ ကောင်းသည့် အချက်မှာ စစ်ရေးအရ ထိတွေ့ ဆက်ဆံရေးဖြစ်သည်။မြန်မာနိုင်ငံကို အမေရိကန်၏ ကမ္ဘာ့ အကြီးဆုံးနှင့် နာမည်ကျော် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူ အဖြစ်ပါဝင်ရန် အမေရိကန်   က ဖိတ်ခေါ်မည်ဟုဆိုထားသည်။ သို့ သော်စစ်ရေးဆိုင်ရာ ဆက်ဆံမှုအဆင့် တိုးမြှင့်ရန် သို့တည်းမဟုတ် ဆက်ဆံ ရေးနှစ်ဖက် ဆွေးနွေးရန် ရှိမရှိကို မည်သည့် အစိုးရကမျှ သတင်းထုတ် ပြန်ခြင်းမရှိသေးပေ။
သို့သော် ဒေါက်တာအေးမောင် ကမူ စစ်ရေးအရသဘောတူညီမှုများ ပြု လုပ်နိုင်ကြောင်းထင်မြင်ချက်ပေးသည်။
သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကမူ အိုဘားမား ၏ ခရီးစဉ်ကို စီးပွားငွေကြေး အကူ အညီများထက် အခြား ထောက်ပံ့မှုကို ပို အားကိုး သည်။"ကျွန်တော်က စိတ်ဓာတ် ဆိုင်ရာ အကူအညီ ပေးတာကိုပဲ ပိုတန်ဖိုး ထားတယ်" ၄င်းက ဆိုသည်။

အခြားတစ်ဖက်


အိုဘားမား၏ မြန်မာပြည်ခရီး စဉ် မတိုင်မီ အမေရိကန် အခြေစိုက် လူ့ အခွင့်အရေး အဖွဲ့က အိမ်ဖြူတော် တာဝန် ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ၊ ကမ္ဘောဒီးယားတို့ကို လူ့အခွင့်အရေး ဆိုင်ရာများနှင့် ပတ်သက်၍ တိုက်တွန်း ရန် ဆွေးနွေးခဲ့သည်။
ထိုနည်းတူ မြန်မာနိုင်ငံ အတွင်း တွင်လည်း ဆွေးနွေးစရာ အခြား အနုတ် လက္ခဏာ ဆိုင်ရာ ကိစ္စရပ်များ လည်းရှိသေးသည်။ ဦးသိန်းစိန်၊ ဒေါ် အောင်ဆန်းစုကြည်တို့ အပါအဝင် လွှတ်တော် အသီးသီး၏ ဦးဆောင်မှုဖြင့်  ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ် ဆောင်နေချိန် အခြားတစ်ဖက်တွင် လည်း အရေးတကြီး ဖြေရှင်းစရာများက ကြီးစိုးထားဆဲဖြစ်သည်။ ဥပမာ-လူ့ အခွင့်အရေး ချိုးဖောက်မှု၊ သံတံခါး နောက်ကွယ်မှ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ၊ ရခိုင်၊ ကချင်စစ်ဘေး စသည်ဖြင့်။
အမေရိကန် သမ္မတ အိုဘားမား နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD  ပါတီတို့ တွေ့ဆုံပါက နိုင်ငံ အတွင်း ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့် အရေး ချိုးဖောက်မှုများ ပပျောက် စေရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဒီမို ကရေစီ နောက်ပြန် မလှည့်စေရေးတို့ အတွက် အကူအညီများ တောင်းခံသွားမည်ဖြစ်ကြောင်း ဦးအုန်းကြိုင်က ဆိုသည်။
"ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး  စံနှုန်းကို အပြည့်အဝ အကောင်အထည် မဖော်ဘဲနဲ့ ဝါရှင်တန်နဲ့ တွဲခုတ်ဖို့ စိတ်ကူးထားတယ် ဆိုရင် ကျွန်တော်တို့ပဲ ခံရမှာပါ" ဟု နေသန်မောင်က ဆို သည်။မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်တွင်း ရခိုင်အရေးကို ဆွေးနွေးမည်ဟု အိုဘားမားနှင့် အတူ လိုက်ပါမည့် နိုင်ငံ ခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဆိုသည်။
ခရီးစဉ်နှင့် အတူ ကချင်ကဲ့သို့ သော တိုင်းရင်းသား ဒေသများမှ အဖြစ် အပျက်ကိုလည်း လေ့လာစေလိုကြောင်း   ကချင် အမျိုးသမီး ရေးရာများကို ဦးဆောင် လုပ်ကိုင်နေသူ ဒေါ်ဂျာဆိုင်းခေါန်က ပြောကြားသည်။
"ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး   မလုပ်နိုင်သေးတဲ့ တိုင်းရင်းသား ဒေသ တွေက အဖြစ်အပျက်တွေကို ကြည့်မြင် သွား စေချင်တယ်" ဟု ၄င်းကဆိုသည်။
အမေရိကန် ပြည်ထောင်စု၏ အရှေ့တောင် အာရှတွင် အင်အား မျှခြေ ဖမ်းရေး မျှော်မှန်းချက်နှင့်အတူ လေးရက်အတွင်း သုံးနိုင်ငံ ခရီးကား မကြာမီ စတင်တော့မည်။ အနာဂတ်တွင် တောက်ပ လာမည့် ထိုဒေသ၏ ကစားပွဲကို ပြီးခဲ့ သည့် ၂ နှစ်ကတည်းက အမေရိကန်က စတင် တံခါးခေါက် ခဲ့သည်။
ဒုတိယ သက်တမ်း ပြန်လည် ရွေးကောက်ခံရပြီး ရက်ပိုင်း အတွင်းတွင် အပယ်ခံဟောင်း မြန်မာ အပါအဝင် အရှေ့တောင် အာရှကို ခရီးလှည့်ရန် ရွေးချယ် လိုက်ခြင်းက အာရှဒေသကို အလေးအနက် ထားခြင်းကို ပြသ လိုက်ခြင်းပင် ဖြစ်ကြောင်း The News York Time သတင်းစာတွင် ဆောင်းပါးရှင် Lewis M.Simons က ရေးသားထား သည်။
"အရှေ့တောင် အာရှသားများ အတွက်တော့ တရုတ်၏ မတရား သြဇာ လွှမ်းမိုးမှုရရန် ကြိုးစားမှုကြောင့် တင်း မာမှုများ ဖြစ်နေချိန်မှာ အမေရိကန်ရဲ့ သြဇာ လွှမ်းမိုးမှု ဟန်ချက်ညီဖို့ လုပ်ဆောင်ခြင်းကို ကြိုဆို ကြပါလိမ့်မယ်" ဟု သူက ဆိုထားသည်။
မြန်မာနိုင်ငံသို့ အိုဘားမား အသော့ နှင်လာခြင်းတွင် ‘တရုတ်နှင့် ပထဝီဝင် နိုင်ငံရေး’ က များစွာသော အခြေခံ အကြောင်းရင်းများ အနက် အရေးပါသော ကိစ္စဖြစ်နေသည်။
"မြန်မာနိုင်ငံဟာ အာရှရဲ့ဆူပါ ပါဝါဖြစ်လာမယ့် တရုတ်နဲ့ အိန္ဒိယကြား က မဟာဗျူဟာ မြောက်တဲ့ လမ်းဆုံကြီးကို ခွထိုင်မိသား ဖြစ်နေတယ်ဆိုတာ သိပ်မကြာ သေးခင် အချိန်လေးကမှ သတိထားမိ လာကြပါတယ်" ဟု နေသန်မောင်က ဆိုသည်။

ပြန်လည်နိုးထခြင်း


အိုဘားမား ခရီးစဉ် မတိုင်မီ ရက် သတ္တပတ် တစ်ခု အလိုကတည်းက အဓိက အားဖြင့် ရန်ကုန်တွင် ရှေ့ပြေး လုံခြုံရေး များရောက်လာပြီး ထိုင်းသတင်းစာ အချို့ တွင် အမေရိကန်တို့၏ ကြီးကျယ် တိကျ လှသော လုံခြုံရေး အစီအစဉ် တို့ကို ကာတွန်း များဖြင့် စတင် သရော်နေ ပြီဖြစ်သည်။
ထိုနည်းတူ အိုဘားမား လူထု မိန့် ခွန်း ပြောမည်ဟု မျှော်လင့်ရသော ရန်ကုန် တက္ကသိုလ်တွင်လည်း လုံခြုံရေးများ ထူထပ်စွာ ချထား ပြီဖြစ်သည်။ အိုဘားမား မိန့်ခွန်း ပြောမည်ဟု မျှော်လင့် ရသော တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမအတွင်း ဝင်ရောက် ဓာတ်ပုံရိုက်သော သတင်းထောက်များကို ထွက်ခွာ စေခဲ့ သည်။
သို့သော် ယခင် မွဲခြောက်နေသော   အပယ်ခံ ရန်ကုန် တက္ကသိုလ်၏ အဓိပတိ လမ်းမှာ ဆေးပြန်သထားသည်။ ဘွဲ့နှင်းသဘင် ခန်းမတွင် စင်များ ပြန်ဆောက်နေသည်။ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ သမိုင်းများစွာ အစပျိုး ခဲ့ရာ ရန်ကုန်တက္ကသိုလ်ကြီးမှာ အိုဘားမား ၏ နွေးထွေးမှုနှင့်အတူ အသစ် ပြန်လည် နိုးထတော့မည်။
တက္ကသိုလ်နှင့် မနီးမဝေးရှိ လှိုင်မြို့နယ် အတွင်းတွင် ဆိုက်ကား လှည့်နင်းသော အနှေးယာဉ် သမား ဦးစိန်သန်း ကိုမူ လူတိုင်း ပါးစပ်ဖျား ရေပန်းစားနေ သော အိုဘားမား၏ ခရီးစဉ်က ထူးထူးခြားခြား ဆွဲဆောင်မှု မရှိလှပါ။
"ကိုယ့်အစိုးရက ဘာမှ မလုပ်ပေး နိုင်တာ။ သူများကို သွားမျှော်လင့်လို့ မရဘူးလေ။ အရင်ကလည်း နိုင်ငံခြား  က သမ္မတတွေ၊ ဝန်ကြီးချုပ် တွေလည်း  ခဏခဏ လာနေကြတာပဲ။ ဒေါ်စုနဲ့ တွေ့လည်း သိပ်ထွေထွေထူးထူး ပြောင်း တာမှ မဟုတ်တာ" ဟု သူက ဆိုလေ သည်။
မည်သို့ဆိုစေ အနောက်တိုင်း ဆူပါ ပါဝါ လင်းယုန်ကြီးတို့ မြန်မာ့မြေ ခြေချတော့မည်။

ခွန်းသု ရေးသားသည်။
From -TheVoiceWeekly

No comments:

Post a Comment