Thursday, November 29, 2012

ယနေ့ ထိုင်း-မြန်မာ နယ်စပ် ပစ်ခတ်မှု တခုတွင် မူးယစ်ဆေး သယ်ဆောင်သူ ၂ ဦးကို စိတ်ကြွဆေးပြား အလုံး လေးသောင်း နှင့်အတူ အသေ ဖမ်း


2012 မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ယနေ့ ထိုင်း-မြန်မာ နယ်စပ် ပစ်ခတ်မှု တခုတွင် မူးယစ်ဆေး သယ်ဆောင်သူ ၂ ဦးကို စိတ်ကြွဆေးပြား အလုံး လေးသောင်း နှင့်အတူ အသေ ဖမ်းဆီးရမိ သည် ဟု ထိုင်း စစ်တပ် သတင်းရပ်ကွက်က ပြောသည်။ ထိုင်း စစ်တပ်က သတင်းအရ မယ်ဟောင်ဆောင် ခရိုင် မယ့်စွတ်ဦးနှင့် နမ်းဖယ်ဒင်း ကျေးရွာ
အနီးအနားတွင် သွားရောက် စောင့် ဆိုင်း၍ ဖမ်းဆီးရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို လတ်တလော မသိရသေးသော်လည်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၂ ဦး သေဆုံးပြီး သက်သေခံ ပစ္စည်းများ အဖြစ် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိကြောင်း ထိုင်း စစ်တပ်မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။ “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့က လူတွေလို့ ယူဆရပါတယ်၊ ဒါပေမယ့် ဘယ်အဖွဲ့လဲ ဆိုတာ မသိဘူး၊ အခု အခင်း ဖြစ် ပွားနေတဲ့ နေရာကို ထိုင်း တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးနေပါပြီ” ဟု ၎င်းက ဆိုသည်။ သေဆုံးသူများသည် ကယားပြည်နယ်စပ်တွင် လှုပ်ရှားနေသည့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) ခေါင်းဆောင်ဟောင်း ဦးထွန်းကျော်၏ တပ်ဖွဲ့ဝင်များနှင့် ပတ်သက်နိုင်ဖွယ် ရှိကြောင်း ထိုင်း စစ်တပ်မှ တာဝန်ရှိသူက ဆက်ပြောသည်။ အဆိုပါ ထိုင်း စစ်တပ် အရာရှိ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ဧရာဝတီက ကယားပြည်နယ်ရှိ ကလလတ ရုံးသို့ စုံစမ်း မေးမြန်းခဲ့ရာ တာဝန်ထမ်းဆောင်နေသူ တဦးက ၎င်း အဖြစ်အပျက်ကို မသိရှိရသေးကြောင်း၊ နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တပ်ဖွဲ့ဝင်များကလည်း သတင်းပေးပို့ခြင်း မရှိသေးကြောင်း ပြောသည်။ ယင်း ကလလတ အဖွဲ့ဝင်များသည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး လတ်တလော ကယားပြည် နယ်စပ်တွင် လှုပ်ရှား နေကြောင်း သိရသည်။ ထို့အပြင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် အစိုးရတပ်များလည်း ထိုဒေသတွင် လှုပ်ရှားလျက်ရှိသည်။ ထိုင်းနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေသော်လည်း အောင်မြင်မှု မရခြင်းသည် ဗီယက်နမ်နိုင်ငံမှ တဆင့် မူးယစ်ဆေးဝါး ထုတ်လုပ် နိုင်သော ဓာတုဆေးဝါးများကို ရယူ၍ မြန်မာနိုင်ငံ အတွင်း ထုတ်လုပ်နေသောကြောင့် ဖြစ်သည်ဟု ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက ပြီးခဲ့သည့် စက်တင်ဘာ လဆန်းပိုင်းတွင် စွပ်စွဲပြောဆိုခဲ့သေးသည်။ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် အတွင်းရှိ တချို့သော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေကြ ပြီး နယ်စပ်မြို့များမှ တဆင့် တဆင့် ထိုင်းနိုင်ငံ အတွင်းသို့ သယ်ပို့ရောင်းချနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ၂၀၁၀ ခုနှစ် ဧပြီလ အတွင်းကလည်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ထိုင်း စစ်တပ်တို့ ထိုင်း-မြန်မာ နယ်စပ်တွင် ချင်း မိုင် ခရိုင် မယ့်အိုင်းမြို့နယ်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၃ ဦး သေဆုံးပြီး စိတ်ကြွဆေး ၂ သိန်း ဖမ်း ဆီးရမိခဲ့သည်။

ဧရာဝတီ

No comments:

Post a Comment