Saturday, November 17, 2012

မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်များအား ပိတ်ပင်ထားမှုကို အိုဘားမားမလာမီ ကြိုတင်၍ အမေရိကန် ရုပ်သိမ်းလိုက်ပြီ

မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်နိုင်ငံသို့ မတင်ပို့နိုင်အောင် ဆယ်စုနှစ်တစ်ခုနီးပါး ပိတ်ပင်ထားမှုကို အမေရိကန်အစိုးရက ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား မလာမီ ဦးစွာကြို၍ ရုပ်သိမ်းပေးလိုက်ခြင်း ဖြစ်သည်။


ကျောက်မျက်ပို့ကုန်ကဏ္ဍကိုမူ ဆက်လက်ပိတ်ပင်ထားဦးမည်ဖြစ်ကြောင်းလည်း သိရသည်။ ကျန်ပို့ကုန်များကိုမူ ပိတ်ပင်ထားမှု ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့ကျောက်စိမ်းများ၊ ပတ္တမြားများသည် ကမ္ဘာကျော်ကြသည့်တိုင် ထိုလုပ်ငန်းနယ်ပယ်များတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျန်ရှိနေဆဲဖြစ်သောကြောင့် ကျောက်မျက်တင်ပို့မှုကိုမူ ဆက်လက် ပိတ်ပင်ထားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။

မြန်မာနိုင်ငံဘက်မှ တင်ပို့သော ပို့ကုန်များကို ပိတ်ပင်ရန် ၂၀၀၃ ခုနှစ်တွင် အမေရိကန်လွှတ်တော်က အတည်ပြု ဥပဒေထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အိုဘားမား အစိုးရသည် ပို့ကုန်ပိတ်ပင်ထားမှုကို ရုပ်သိမ်းသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ပေးလိုက်ပြီဖြစ်သော်လည်း ဥပဒေကား ဆက်လက်တည်ရှိဆဲဖြစ်သောကြောင့် မြန်မာ့ပြုပြင်ပြောင်းလဲရေးများ နောက်ကြောင်းပြန်လှည့်သွားပါက ထိုဥပဒေကို အချိန်မရွေး ပြန်လည် အသက်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပို့ကုန်ပိတ်ပင်ထားမှု ရုပ်သိမ်းပေးခြင်းသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကောင်းများ ပိုမိုဖြစ်ထွန်းလာအောင် အားပေးရန်၊ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှု တိုးတက်လာစေရန်ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောသည်။

အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၁၉ (တနင်္လာနေ့) တွင် မြန်မာနိုင်ငံကို ရောက်ရှိမည်ဖြစ်ရာ မြန်မာနိုင်ငံကို လာရောက်သည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာမည်ဖြစ်သည်။ အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံမည်ဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ မစ္စတာ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်သည် အမေရိကန်-မြန်မာ ဆက်ဆံရေးကို ပုံမှန်အနေအထား ပြန်ရောက်ရှိလာစေရန် ကြိုးပမ်းမှု၏ အကြီးမားဆုံးခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း မစ္စတာ အိုဘားမားက မိန့်ခွန်းပြောဖို့ ဆန္ဒရှိပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေး ကာနေးက ထုတ်ပြန်ပြောကြားထားသည်။

ယခုနှစ်အစောပိုင်း ကြားဖြတ်ရွေးကောက်ပွဲပြီးချိန်မှစ၍ အမေရိကန်အစိုးရသည် ပိတ်ပင်ထားမှုများကို ဆက်တိုက် ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအား ပိတ်ပင်ထားမှုများ ဖြေလျှော့ပေးခြင်းသည် မြန်လွန်းသည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း အိုဘားမား အစိုးရအဖွဲ့ကမူ ထိုသို့ဖြေလျှော့ပေးမှသာ မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးကောင်းများ အရှိန်မြှင့်လုပ်ဆောင်နိုင်လာမည်ဟု တုံ့ပြန်ပြောကြားထားသည်။
ပိတ်ပင်ထားမှုများ ဖြေလျှော့ပေးခဲ့သည်မှန်သော်လည်း ပြုပြင်ပြောင်းလဲရေးများ နောက်ကြောင်းပြန်လှည့်ပါက ပိတ်ပင်မှုများ အချိန်မရွေး ပြန်လုပ်နိုင်အောင် စီစဉ်ထားကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 
From -MessangerNewsJournal

No comments:

Post a Comment