Tuesday, November 6, 2012

“constitution က မပီပြင်လို့ တိုင်းရင်းသားတွေ အားလုံးက မကျေနပ်လို့ ငြိမ်းချမ်းရေး မရတာ” ဦးအောင်မင်းနှင့် တွေ့ဆုံပွဲမှ ဒီမိုပါတီခေါင်းဆောင်များ၏ ရင်ဖွင့်သံများ)


http://www.myitmakhamediagroup.com/administratorpanel/image/DSC09091.JPG

ပဋိပက္ခဖြေရှင်းနည်းနှင့်ပတ်သက်၍ အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ အစရှိသည့်နိုင်ငံများသို့ နိုဝင်ဘာလ (၉)ရက်နေ့မှ (၁၆)ရက်နေ့အထိ သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်းပြည်ထောင်စုငြိမ်းချမ်းရေး          ဖော် ဆောင်ရေးကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းက ဆိုသည်။

 
 
၂၀၁၂ခုနှစ် နိုဝင်ဘာ ၃ရက်နေ့ နံနက်ပိုင်းက  ရန်ကုန်မြို့ ရွှေလီလမ်းရှိ Peace Centre ၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းနှင့်ဒီမိုကရေစီမိတ်ဆွေပါတီအဖွဲ့ဝင် များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
 
အဆိုပါ တွေ့ဆုံပွဲ၌ ဒီမိုကရေစီမိတ်ဆွေပါတီအဖွဲ့ဝင်အချို့သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စစ်မှန်သော ပြည်ထောင် စုစနစ်ပေါ်ထွက်ရေး ၊ ရခိုင်ဒေသအတွင်း ပဋိပက္ခများဖြစ်ပေါ်နေခြင်းအပေါ်စုံစမ်း စစ်ဆေးခြင်းများ မှန်ကန်စွာပြုလုပ်ပေးရေးနှင့် မွန်တိုင်း ရင်းသားများအတွက် မွန်တိုင်းရင်းသား မှတ်ပုံတင် ကဒ် ပြုလုပ်ပေးရေး အစရှိသည်များကို ပြည်ထောင် စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေးကော် မတီ ဒုဥက္ကဌထံသို့ ဒီမိုမိတ်ဆွေပါတီဝင်အချို့က  တင်ပြတောင်းဆိုချက်များမှ အချို့ကို စုစည်း ဖော်ပြအပ်ပါသည်။
 
 
ဦးအောင်မင်း
 
(ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု-ဥက္ကဌ)
 
တိုင်းရင်းသားတွေ ၊ နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့အားလုံးညှိနှိုင်းပြီး ဘုံရပ်တည်ချက် တစ်ခုကို ရှာပြီး ကျွန်တော်တို့က တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ကျွန်တော်တို့ လက်မှတ်ထိုးပြီးမှထာဝရငြိမ်းချမ်းရေး စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုပြီးတော့ သမ္မတကြီးက ချပေးသွားတယ်။ အဲ့တော့ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ပတ် သက်ပြီး ဆောင်ရွက် တဲ့အခါမှာ သမ္မတကြီးရဲ့ချပေးတဲ့ မူအားလုံးကို ကျန်တဲ့တိုင်းရင်းသားတွေက လက်ခံပါတယ်။ အားလုံးလိုလို လက်မှတ်ထိုးပြီးပါပြီ။ ပထမအဆင့် အပစ်အခတ်ရပ်စဲရေးကို အခု ကချင်တိုင်းရင်းသားအရေးကိစ္စတော့ ကျန်တာပေါ့။ အခြေခံကစပြီး ပြင်ရမှာပေါ့ ကျွန်တော်တို့ တပ်မတော်မှာ သစ္စာဆိုရတာရှိတယ်။ အလားတူ ကချင်ကလည်းကချင် တပ်မတော်က ကျဆုံးပြီးတော့ တပ်မတော်သားများ၏ သစ္စာကို စောင့်သိရိုသေပါမည်ဟု ဆိုပြီးဆိုတယ်။ အဲ့လို သစ္စာစောင့်သိကြကြေး ဆိုရင် ဘယ်တော့မှ စစ်ပွဲမပြီးနိုင်ဘူး။ ရခိုင်နဲ့ ပြည်ထောင်စုစနစ်ကို ပြောတယ်။
 
အဲ့ပြဿနာကို ကိုင်တွယ်တဲ့လူက အဲ့ပြသာနာရဲ့အပြင်ကနေ ကိုင်တွယ်မှ အဖြေရမှာဖြစ်ပါတယ်။ ဒီက လူကြီးတွေအားလုံးကလည်း စိတ်ဝင်တစားနဲ့ လိုလိုလားလား ဆောင်ရွက်ပေးကြတာကို ကျေးဇူးတင်ပါတယ်
 
 
ဦးခင်မောင်ဆွေ
 
(အမျိုးသားဒီမိုကရစီအင်အားစုပါတီ)
 
စစ်မှန်တဲ့ ပြည်ထောင်စုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒီမိုကရေစီ မိတ်ဆွေပါတီတွေရဲ့ သဘောထားကို ထုတ်ပြန်ထားတာ ရှိပါတယ်။ဝန်ကြီးဦးအောင်မင်းက တစ်ဆင့်လည်း သမ္မတအကြံပေးအဖွဲ့နဲ့ တွေ့ပြီး ဒီကိစ္စကို ညှိဖို့တင်ပြခဲ့ဖူးပါတယ်။ အခုကျွန်တော်တင်ပြချင်တာက ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်တဲ့အခါမှာ အပစ်အခတ် ရပ်စဲရေးလောက်နဲ့တော့ မပြီးနိုင်ဘူး။ အပစ်အခတ်ရပ်စဲရေးဟာ ခိုင်မာတဲ့ အာမခံချက် မဟုတ်ဘူး၊ စစ်မှန်တဲ့ ပြည်ထောင်စုကို သွားနိုင်တယ်ဆိုတဲ့ သဘောထားရပ်တည်ချက်တွေဟာ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မှု ရှိမှသာလျှင် ငြိမ်းချမ်းရေးသဘောထားကို ထူထောင်ပြီးဖြစ်မယ်။ အဲ့ဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုကိုစသင့်ပါပြီလို့ ယူဆထားပါတယ်။ နိုင်ငံတကာရဲ့အကူအညီနဲ့ပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရရဲ့ ဘဏ္ဍာငွေနဲ့ပဲဖြစ်ဖြစ် မိမိနေရာကနေ ရွှေ့ပြောင်းသွားရတဲ့ ပြည်သူတွေရဲ့ဒုက္ခကို နေရာတကျဖြစ်အောင် လုပ်ပေးမှုက သိပ်အရေးကြီးတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်
 
 
ဦးစိုင်းအိုက်ပေါင်း
 
(ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)
 
 
ပြည်ထောင်စု မြန်မာနိုင်ငံကြီးက ငြိမ်းချမ်းရေးအတွက် အင်မတန်မှ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ လွတ်လပ်ရေး စရပြီးကတည်းက ကျွန်တော်တို့နိုင်ငံ မငြိမ်းချမ်းခဲ့သေးပါဘူး။ငြိမ်းချမ်းရေးရဲ့အရသာကိုကျွန်တော်တို့ ပြည်ထောင်စုသား အားလုံးက လိုလားကြပါတယ်။ ဘာဖြစ်လို့ကျွန်တော်တို့ ငြိမ်းချမ်းရေး မရတာလည်းလို့ ပြောရင် ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ မှားရင်လည်း ခွင့်လွှတ်ပါ။ constitution က မပီပြင်လို့ တိုင်းရင်းသားတွေအားလုံးက မကျေနပ်လို့ငြိမ်းချမ်းရေးမရဘူးလို့ပဲ ကျွန်တော် ရိုးရိုးသားသား ပြောချင်ပါတယ်။
 
 
ဦးသာထွန်းလှ 
 
(ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)
 
 
ရခိုင်တိုင်းရင်းသားတစ်ဦးအနေနဲ့ ရခိုင်ကိစ္စကို ဆွေးနွေးချင်ပါတယ်။ တစ်ဖက်က ရခိုင်လူမျိုးအနေနဲ့ ပြောရမယ်ဆိုရင် အမြတ်ရှိလို့ယူဆပါတယ်။ အင်မတန်နှင်းဖုန်းနေတဲ့ မီးတောင်ကြီးတစ်ခုကို အထဲမှာတစ်ပွက်ပွက်ဆူနေတဲ့ပြဿနာကို ပြည်ထောင် စုကြီး က မသိခဲ့ဘူး ၊ မသိခဲ့လို့လား၊ သမိုင်းဆရာတွေ ညံ့လို့လား မသိဘူး၊ ဒီပြသာနာကြီးဟာ ရခိုင်ပြည်နယ်အတွက် အင်မတန်မှ ကြောက်စရာကြီးတစ်ခုကို ရခိုင်ပြည်နယ်က ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကြောင့် ပဋိပက္ခဖြစ်တဲ့ နေရာဆုံလေးတွေမှာ သက်ဆိုင်ရာကဖြေရှင်းပေးဖို့ ၊ ထိန်းချုပ်ထားတဲ့နေရာတွေကို သတိပေးချက်တွေမျိုး မလုပ်ဘဲနဲ့ ဟိုဘက်ကို ဆန်ပေး ဒီဘက်ကို ဆန်ပေးဟာမျိုးတွေပေါ့ ကြိုတင်မမြင်နိုင်တဲ့ ဟာမျိုးကို ပြသာနာတွေက ကြိုတင်မကာကွယ်နိုင်ဘဲပိုကြီးလာခဲ့တာ ပါ။နှစ်ပေါင်းများစွာဖြစ်လာခဲ့တဲ့ ပြသာနာမှာ ကျွန်တော်တို့ရခိုင်တွေဟာ အစော်ကားခံရတယ်၊ ရိုးရိုးသားသား ကိုယ့်နယ်မြေမှာတင် ကိုယ်နေပြီးတော့ ကျွန်တော်တို့ဟာ အလုအယက်ခံရပါတယ်။
 
အခု နောက်ပိုင်းလည်း သမ္မတရုံးက ကြေညာချက် ထွက်လာပါတယ်၊ ရခိုင် နိုင်ငံရေးပါတီနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေတယ်။ ရှင်းရှင်းပြောရရင် RNDP နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ALP ကို ပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီနဲ့ ကျွန်တော်တို့ပါတီမှာရှိတဲ့ခေါင်းဆောင်တွေဟာ အတတ် နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ ကြိုးစားနေတာပါ။ Peace and security ရှိမှာ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးလာမယ်ဆိုတာ သိတဲ့အတွက် ကျွန်တော်တို့က Peace and Security ကို ကျွန်တော်တို့အမြန်ဆုံး လုပ်ခိုင်းပါတယ်။ ကျွန်တော်တို့ကို အဓိက ထားပြီးပြောတဲ့အတွက် အင်မတန်မှ ၀မ်းနည်းပါတယ်
 
 
ဦးနိုင်ခင်မောင်
 
(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ)
 
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာလည်း အပစ်အခတ်ရပ်စဲရေးနဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက်အထူးဝမ်းသာတယ်လို့တင်ပြချင်တယ်။ ၂၀၁၅မှာလည်း free and fair လွတ်လွတ် လပ်လပ် တရားမျှတဖို့လိုချင်ပါတယ်။ မွန်တွေနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ပြောနေတဲ့အသံတွေက ကျွန်တော်တို့လည်း ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတာက ပဲခူးနဲ့ရန်ကုန်မှာ ရှိနေတဲ့ မွန်တော် တော်များများက မှတ်ပုံတင်တွေမှာ မွန်အစား ဗမာမှတ်ပုံတင်ကြီးဖြစ်နေတယ်။ မွန်ပြန်ဖြစ်တဲ့ စိတ်တွေရှိကြပြီးဗမာမှတ်ပုံတင်ကြီး ကိုင်ထားနေရတယ်။ မွန်တွေရှိပေမဲ့ မွန်မှတ်ပုံတင် မရတာမျိုးတွေရှိနေတာကို ဆောင်ရွက်ပေးစေလိုပါတယ်။ ဒီမိုကရေစီမိတ်ဆွေပါတီအချို့မှ အဖွဲ့ဝင်အချို့၏ လိုလားချက်များကို တင်ပြပြီးနောက် တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဒုဥက္ကဌ ဦးအောင်မင်းသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တင်ပြတောင်းဆိုချက်ကိုလူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီအား တင်ပြပေးမည်ဖြစ်ပြီး စစ်မှန်သောပြည်ထောင်စုစနစ် ပေါ်ထွက်လာရေးနှင့် ရခိုင်အရေးကိစ္စကို သေချာကိုင်တွယ်ဖြေရှင်းရမည်ဟု ပြောဆိုခဲ့ပြီး နံနက်၁၀နာရီခွဲဝန်းကျင်၌ တွေ့ဆုံပွဲ ပြီးခဲ့သည်။

No comments:

Post a Comment