Sunday, December 30, 2012

ဝိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း  စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင်  ဒုက္ခသည်ဦးရေ နှစ်ဆနီးပါး များလာကြောင်း ငြိမ်းချမ်းရေး မိတ်သစ်များ အဖွဲ့မှကိုရှည်ရှည်က ပြောကြားသည်။

“တိုက်ပွဲတွေပြင်းထန်လာတဲ့ ပြီးခဲ့တဲ့ ၁၈ ရက်လောက်က စပြီး ဒုက္ခသည် စခန်းတွေမှာ လူဦးရေတိုးပါတယ်။ ဒီနေ့ထိဆိုရင် ၂ ဆလောက် တိုးလာ တယ်။ အခုလည်း လမ်းမှာ လာနေတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောကြားသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားကျေးရွာအနီးတွင်ရှိနေသည့် KPC ဒုက္ခ သည်စခန်းတွင် ၅၆၉ ယောက်မှ ၁၀၄၇ ယောက်အထိ တိုးလာကြောင်း၊ စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းတွင် ၃၄၅ ယောက်မှ ၈၁၆ ယောက် အထိ တိုးလာကြောင်း သိရသည်။

“ဒုက္ခသည်စခန်းနားတွေမှာပဲ မြန်မာစစ်ကြောင်းတွေ သွားလာနေတာ တွေ့နေရတယ်။ ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ အချိန်ပဲ ရွာသားတစ်ယောက် သေနတ်မှန်တာတွေ့ခဲ့ရ တယ်။ သေတော့မသေဘူးဗျ” ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့မှ ကိုသားငယ် က ပြောကြားသည်။

အသက် ၅၀ ကျော် အမယ်အိုများနှင့် ၁၂ နှစ်အောက်ကလေးငယ်များ ဒုက္ခသည်စခန်းများတွင်တွေ့ရပြီး လူငယ်များနှင့် ယောက်ျားသား များ မတွေ့ရကြောင်း ကိုသားငယ်က၎င်းက ဆက်လက်ပြောကြားသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆမ်ရမ်၊ နမ်ဆော်ရမ်၊ အောင်ကြာရမ်၊ ကဇူရမ်၊ တာပရမ်၊ ဆိုင်းမိုင်၊ ၀မ်သောင်းနှင့် သလောကြီး အစရှိသော ကျေးရွာများမှ ဒုက္ခသည်စခန်းများတွင် အများဆုံး လာရောက်နေထိုင်လျက်ရှိနေကြောင်း သိရသည်။

KPC နှင့် စိန့်ဂျိုးဆက် ဒုက္ခသည်စခန်းများတွင် သောက်သုံးရေ ပြဿနာနှင့် အဓိက ရင်ဆိုင်နေရပြီး ၂ မိုင်ခန့်ဝေး သောနေရာတွင် ရေသွားခပ်ရသည်ဟု ငြိမ်းချမ်းရေးမိတ်သစ်များ အဖွဲ့က ပြောသည်။

From :The Myanma Age

No comments:

Post a Comment