Wednesday, December 5, 2012

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့၍ အရေးပေါ်အကူအညီ လိုအပ်နေကြောင်းသိရ


ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမဘေးမှ ပျက်စီးမှုများရှိနေသော စပါးခင်းများအားတွေ့ရစဉ်5

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးနေသဖြင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။

ယင်းသို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို သိရှိနိုင်ရန်နှင့် ပျက်စီးသည့်  စပါးများအား အချိန်မီပြုပြင်နိုင်ရေးအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး နိုင်ငံတော်က အကူအညီပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင် စသည့်မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ ဒလနှင့် အခြားဒေသများတွင် ရိတ်သိမ်းပြီး အမိုးအကာအောက် မရောက်သေးသော စပါးများ၊ ရိတ်သိမ်းဆဲ စပါးများမှာ မိုးစိုသည့်ဒဏ် ခံစားခဲ့ရကာ လယ်ကွင်းများတွင်လည်း ရေနစ်မြုပ်မှုကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေကာ ရိတ်သိမ်းပြီး စပါးများမှာလည်း တလင်း အခက်အခဲ၊ ရေစိုနေသည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက ထုတ်ပြန်ထားသည်။
ပုသိမ်မြို့နယ်အတွင်းရှိ ရိတ်သိမ်းပြီး စပါးအချို့လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။ ''စပါးက သက်ကြီးစပါးရယ် သက်လတ်စပါးရယ်၊ သက်နုစပါးရယ် ဆိုပြီး သုံးမျိုးရှိတယ်။ အခုမိုးမိသွားတဲ့ စပါးတွေက သက်လတ်စပါးတွေ ပေါ်ဆန်းယဉ်နဲ့ မီးကောက်အုပ်စုတချို့ ပါတယ်၊ ရိတ်ပြီးစ ပုံထားရုံမှာရွာတော့ အကုန်လုံး အချိန်မီ အမိုးအကာအောက် မရောက်တော့ဘူး၊ တစ်ဧကကို ပျမ်းမျငါးတင်းလောက်တော့ ပျက်စီးနိုင်တယ်'' ဟု ကြက်ပေါင်ကျေးရွာမှ တောင်သူဦး မျိုးကိုကိုက ပြောပြသည်။
မိုးရွာသွန်းမှုကြောင့် တောင်သူများအနေဖြင့် သိမ်းဆည်းရန် ကျန်ရှိနေသည့် ကောက်လှိုင်းများ အမိုးအကာအောက် ရောက်ရေးအတွက် ပုံမှန်ထက် နှစ်ဆပိုသည့် လုပ်အားများ၊ ငွေကြေးများ သုံးစွဲခဲ့ရပြီး ရေစိုကောက်လှိုင်းများကြောင့် အတွင်းရှိ ဆန်သားများ ပျက်စီးနိုင်ကြောင်း၊ ယင်းအပြင် စပါးစိုက်ပျိုးစဉ်တွင် အသုံးပြုခဲ့ရသည့် သွင်းအားစုများပါ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ နေရာဒေသ အနှံ့အပြားတွင် နိုဝင်ဘာလကုန်ပိုင်း အတွင်းက အချိန်အခါမဲ့ မိုးများရွာသွန်းခဲ့မှုကြောင့် ရိတ်သိမ်းပြီးသော စပါးများ မိုးရေစိုကာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ဆုံးရှုံးမှုများတွင် ရိတ်သိမ်းပြီးသော စပါးများအား လယ်ကွင်းအတွင်း၌ အမိုးအကာမရှိဘဲ ထားရှိမှုကြောင့် ပျက်စီးမှုမှာ များပြားခဲ့ပြီး မရိတ်သိမ်းရသေးသော စပါးခင်းများလည်း မိုးရေကြောင့် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း တောင်သူများထံမှ သိရှိရသည်။
51
''စပါးရိတ်တဲ့အချိန်ကျမှ မိုးကဖျက်ပြန်ပြီ၊ တောင်သူတွေအတွက် အထိနာတဲ့နှစ်လို့ ပြောရမလားပဲ။ အချို့တတ်နိုင်တဲ့ သူတွေကတော့ စက်နဲ့ရိတ်သိမ်းတာတွေလုပ်လို့ မိုးမိပြီး ဆုံးရှုံးတာ သိပ်မရှိပေမယ့် ဦးတို့လို မိသားစုဝိုင်းလုပ်တဲ့ လယ်တွေမှာတော့ ဆုံးရှုံးမှုတွေရှိတယ်။ တချို့လယ်တွေမှာဆိုရင် စပါးတွေက ရေစိုလို့ အပင်ပေါက်လေးတွေ ဖြစ်နေပါပြီ'' ဟု လောင်းလုံးမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။
ယခုနှစ်တွင် ထားဝယ်ခရိုင်အတွင်း၌ မိုးစပါး စိုက်ဧက ၁၂၇၃၀၀ ဧကရှိပြီး စပါးရိတ်သိမ်းချိန်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုများကြောင့် စပါးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကာ ဆုံးရှုံးမှုများပြားလာခြင်း မရှိစေရန်အတွက် ရိတ်သိမ်းပြီးသော စပါးများကို အမိုးအကာအောက်သို့ အလျင်အမြန် ရွှေ့ပြောင်းရန် ပြုလုပ်နေရသော်လည်း စက်ကိရိယာနှင့် လူအင်အား အခြေအနေကြောင့် တောင်သူများ အခက်အခဲ ကြုံတွေ့နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင်လည်း နိုဝင်ဘာလအတွင်းက မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းဆဲ/ရိတ်သိမ်းပြီး စပါးအချို့ ပျက်စီးမှုရှိခဲ့ကြောင်း ငပုတောဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါဒေသများရှိ လယ်သမားများတွင် စပါးရိတ်သိမ်းရန် လူအင်အားလိုအပ်ချက် (လူ သို့မဟုတ် ငှားရမ်းခငွေ)၊ ရေ၀င်သည့် လယ်များတွင် ရေစုပ်ထုတ်ရန် ရေစုပ်စက်ကြီးများ၊ ဖုံးအုပ်ရန်နှင့် တလင်းပြုလုပ်ရန် မိုးကာဖျင်များ၊ ခြွေလှေ့စက်များ၊ အခြောက်ခံစက်များ၊ ရေစိုစပါးများအား ပေါက်ဈေးဖြင့် ၀ယ်ယူပေးရန်၊ ယခင်လက်ကျန်နှင့် ယခုထွက်ရှိသည့် စပါးများအား ကာလပေါက်ဈေးဖြင့် ၀ယ်ယူပေးရန် စသည့်လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းတို့နှင့် ပူးပေါင်း၍ ကူညီမှုများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အကူအညီ လိုအပ်နေသည့် ဒေသများသို့ မိုးရေကာဖျင်အလိပ် ၂၀၀ နှင့် ခြွေလှေ့စက်များ၊ စပါးအခြောက်ခံစက်များ ပေးပို့ခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း တို့ကလည်း အဆိုပါဒေသများသို့ ခြွေလှေ့စက် အလုံး ၂၀၊ စပါးအခြောက်ခံစက် နှစ်လုံးနှင့် Submersible pump ၁၀၁ လုံးတို့ကို အမြန်ဆုံးပေးပို့ အကူအညီ ပေးသွားမည်ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment