Wednesday, December 5, 2012

သံဃာတုများအတွက် သာသနာတော်မှာ နေရာမရှိပါ

        လောကကြီးမှာ လူတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဆရာဝန်က ဆေးကု၊ အင်ဂျင်နီယာက အဆောက်အအုံဆောက်၊ ဒီလိုမှမဟုတ်ဘဲ အင်ဂျင်နီယာ က ဆေးကုတယ်ဆိုရင် လူနာ အခြေအနေက မေးစရာမလိုပါဘူး။ ကျော်သူနဲ့သာ ဆက်သွယ်ထားလိုက်ပါ။ ဆရာဝန်က အဆောက်အအုံ ဆောက်တယ်ဆိုရင်လည်း အဆောက်အအုံအကြောင်း မေးစရာမလိုပါဘူး။ မကြာခင် ပြိုကျပါလိမ့်မယ်။ ဒါကြောင့် လူတိုင်းဟာ သူ့အလုပ် သူလုပ်၊ သူ့နေရာသူနေ၊ ဒါမှ အဆင်ပြေ ပါမယ်။
          ဘုန်းကြီး၊ ဘုန်းကြီးအလုပ်မလုပ်ဘဲ လူတွေလုပ်တဲ့ အလုပ်ထဲ ဝင်ရှုပ်လာရင်တော့ ဒါဘုန်းကြီးပါလို့ ဘယ်လိုပြောရပါ့မလဲ။ အခုပဲကြည့်ပါ။ ထစ်ကနဲဘေးပယောဂသမားတွေက ရှူးတိုက်ပေးတာနဲ့ လောကီ ကိစ္စ နားမလည်ပါးမလည်ဘဲ နိုင်ငံရေးသမားဓားစာခံအဖြစ် အရူးချီးပန်းထလုပ်လာ တယ်။ မြင်မကောင်းရုံ မကဘဲ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုလို့ ရွတ်ဆိုပူဇော်မှုတွေလည်း နှုတ်ဆိတ်ရတော့မယ့် အနာဂတ်အခြေအနေကို လှမ်းမြင်ရတော့ သာမန်ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ လုံးဝရင်လေး စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တော့ ကြည်ညိုချင်စိတ် ဆိုတာ သံဃာရဲ့ဥပဓိရုပ်သွင်ပြင်အမူအယာနဲ့ ဆိုင်တယ်လို့ထင်ပါတယ်။ ဝိနည်းတော်တွေနဲ့ညီညွတ်စွာ နေထိုင်အားထုတ်တဲ့ ဆရာတော်ကြီးများရဲ့မျက်နှာဟာ ဖူးတွေ့ရသူ အပေါင်း အတွက် ကြည်ညိုချင်စိတ်တွေ၊ သဒ္ဒါစိတ်တွေ အလိုအလျောက်ဖြစ်ပေါ်လာစေပါတယ်။ ကြုံဖူးကြမှာပါ။ ပုံမှာပါတဲ့ သံဃာတွေရဲ့သွင်ပြင်နဲ့တော့ ဆီနဲ့ရေပါပဲဗျာ။
           နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီး ပါတီထောင် ဒါသဘာဝကျပါတယ်။ မထင်မှတ်ဘဲ ဖြစ်ပေါ်တဲ့ အခြေအနေ တွေအပေါ် အခွင့်ကောင်းယူပြီး Chief Popular ဝင်မလုပ်ကြပါနဲ့။ ဒို့အရေးလို့ ဆူပြီး နိုင်ငံ တကာအထောက်အကူ ယူဖို့လည်း မကြိုးစားပါနဲ့။ ဘုမသိ ဘမသိ ကိုရင်တွေကိုလည်း ဒုက္ခရောက်အောင် မလုပ်ကြပါနဲ့လို့ သင်္ကန်းအရေခြုံ ငရဲကျမယ့် လူပုဂ္ဂိုလ်ဆိုးများကို သတိပေးလိုပါတယ်။
တစ်ချို့ကလည်း မနေ့က ပုဆိုးနဲ့ ဒီနေ့သင်္ကန်းနဲ့ လျှပ်တစ်ပြက်ဘုန်းကြီးလုပ်ကြတယ်။ မိုးကျရွှေကိုယ်၊ ကိုယ်တော်တွေပါပဲ။ ဥပဒေပြင်ပလုပ်ရပ်တွေအတွက် သင်္ကန်းကို အကာအကွယ်မယူကြ ပါနဲ့။ ဘုရားရှင်ရဲ့ အရေတော်သင်္ကန်းကို ညစ်နွမ်းအောင်မလုပ်ပါနဲ့။ ငရဲအိုးထဲဇောက်ထိုးကျပါမယ်။ အခုခေတ်မှာဘုန်းကြီးတွေက ထစ်ကနဲရှိ လူကြားထဲဆန္ဒပြ၊ အိုဘားမားလာတော့လဲ သူတို့ရှေ့ဆုံးက၊ ကျွန်တော်တို့နိုင်ငံက သာသနာမှာ လုပ်စားတဲ့ ဘုန်းကြီးတုတွေ နိုင်ငံရေးမှိုင်း မိနေကြတာ လား၊ နိုင်ငံရေး လုပ်စားသူတွေရဲ့ အသုံးချတာကို ကျွန်တော်တို့ ဘုန်းဘုန်းတွေ ခံနေရတာများလား၊ ဒါမှမဟုတ် သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ဒါယကာ၊ ဒါယိကာမ တွေက အားပေးထောက်ပံ့ဆောင် ရွက်နေတာကို အခွင့်ကောင်းယူကြတာလားလို့ တွေးမိပါတယ်။
 ဘယ်နေရာမှာမဆို စည်းကမ်းနည်းလမ်းနဲ့ ဥပဒေဆိုတာရှိပါတယ်။ အဖွဲ့အစည်းတစ်ရပ်အတွက် ဆိုရင်တော့ ပိုပြီးလိုအပ်ပါတယ်။ သံဃာတွေမှာ ၂၂၇ သွယ်သော ဝိနည်းသိက္ခာပုဒ်များရှိပါတယ်။ ကျွန်တော့ စိတ်ထင် သံဃာ့ဝိနည်းသိက္ခာပုဒ်များဟာ ကျွန်တော်တို့လူသားတွေ လိုက်နာရတဲ့ ဥပဒေပုဒ် မတွေထက် ပိုပြီး တိကျပါတယ်၊ ပိုပြီးကျယ်ပြန့်ပါတယ်။ တစ်ချက်မှငြိစွန်းလို့မရပါဘူး။ ရှင်းအောင်ပြောရရင် ဒါဟာ သံဃာ့ဥပဒေပါ။ သံဃာ့ဥပဒေကို သံဃာများ တိကျစွာလိုက်နာရမှာပဲဖြစ်ပါတယ်။
အစိုးရကိုတောင်းဆိုချင်တာက ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့လင်းစေဖို့ဆိုရင် ကျွန်တော် တို့နိုင်ငံမှာ သံဃာတု၊ သံဃာယောင်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြောင်းပြပြီး ဝိနည်းဖောက် ဖျက်တာတွေ၊ ဥပဒေပြင်ပလုပ်ရပ်တွေအတွက် သင်္ကန်းကိုအကာအကွယ်ယူတာတွေ၊ ဝိနည်းတော်နဲ့မညီ ညွတ်တာတွေကို ဖော်ထုတ်ပေးပါ။ အဲဒီအတုအယောင်တွေမရှိအောင် ဖယ်ရှားပေးကြပါ။ ဘာသာ သာသနာကို ကယ်တင်နိုင်ဖို့ ပြတ်ပြတ်သားသားဆောင်ရွက်ပေးကြပါ။ ဗုဒ္ဓဘာသာ စတင်ပင့်ဆောင် လာပေးတဲ့ အနော်ရထာမင်းကြီးခေတ်လို သာသနာသန့်ရှင်းရေးမှာ ဆင်ချေး ကျုံး၊ မြင်းချေးကျုံးလုပ်လို့ မရတော့ပေမယ့် ဒုလ္လဘသင်္ကန်းဝတ်တာကလွဲပြီး သာသနာတော်အတွင်း ပရိယတ်ပဋိပတ်သာသနာ့ တာဝန် ထမ်းမယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရ၊ တာဝန်ရှိတဲ့ ဝန်ကြီးဌာနအပြင် အကျင့်သီလ၊ သိက္ခာ သမာဓိ ဝိနည်းတွေနဲ့အညီ ကျင့်ကြံနေထိုင်တဲ့ ဘုန်းဘုန်းဘုရားတို့မှ အကြိမ်ကြိမ်အထပ်ထပ် စနစ်တကျ စိစစ်ပြီး လွယ်လွယ်နဲ့ သင်္ကန်းစည်းခွင့်မရအောင် ဆောင်ရွက်တော်မူကြပါ။ ဒါမှသာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု လို့ ရွတ်ဆိုတဲ့အတိုင်း သာသနာတည်မြဲမှာဖြစ်ပါတယ်။ အခုအတိုင်းသွားနေရင်တော့ ဗုဒ္ဓဘာသာနိုင်ငံ အဖြစ်ကနေ ဘာသာခြားနိုင်ငံအဖြစ် လျင်လျင်မြန်မြန်ကူးပြောင်းပြီး အသူရာချောက်ထဲကျဖို့ တည်းတည်း သာလိုပါတော့တယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံအတွင်းကအကျင့်သီလ ပြည့်စုံတဲ့ ဘုန်းဘုန်းများ၊ ဗုဒ္ဓဘာသာဝင်သူတော်စင် အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်၊ အစ်ကို၊ အစ်မ၊ ညီ၊ ညီမ၊ တူ၊ တူမများကို ဗုဒ္ဓသာသနာတော်ပြိုလဲမည့်အရေး တွေးပူပြီး ဆရာ/ဒကာ ဝိုင်းထိန်းပေးကြပါ ရန် နှိုးဆော် သတိပေးအပ်ပါတယ်။
 ထိုင်းမှာဆို သာသနာ့ဘောင်ထဲဝင်ချင်တဲ့သူတွေကို လက်လွတ်စပယ်ခွင့်ပြုလေ့မရှိဘူးလို့ သိရပါ တယ်။ လေ့လာကြည့်ကြပါ။ ဘာသာရေး စာပေတွေ တတ်မြောက်မှုရှိ/မရှိ စိစစ်ပြီးမှသာ သာသနာ့ဘောင် ကို ဝင်ခွင့်ပြု တယ်လို့ဆိုပါတယ်။ သာသနာတော် သန့်ရှင်းတည်မြဲဖို့အတွက် အမှန်တကယ်လိုအပ်တဲ့ စိစစ်မှု ဖြစ်ပါတယ်။ ဆန္ဒပြဖို့ ဘုန်းကြီးဝတ်တယ်ဆိုရင်တော့ ဒါဟာ သာသနာကိုစော်ကားတာပါပဲ။
နိုင်ငံရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်။ လွှတ်တော်ရှိတယ်။ အများနဲ့ဆိုင်တဲ့ ကိစ္စရပ်တစ်ခု အတွက်  တရားနည်းလမ်းတကျ အဆိုတင်သွင်းကြ၊ ဆွေးနွေးညှိနှိုင်းကြ၊ မဲပေးကြ၊ အတည်ပြုကြ… ဒါ တကယ့် ဒီမိုကရေစီ စစ်စစ်ပဲ။ အကြောင်းအရာကိစ္စတစ်ခုအပေါ် ဒီမိုကရေစီလမ်းကြောင်း အတိုင်း ဖြေရှင်း သွားရမှာဖြစ်ပါတယ်။ ဆူပူဆန္ဒပြမှုကြောင့် စစ်မှန်တဲ့အဖြေထွက်မလာနိုင် ပါဘူး။ နောက် ဆက်တွဲဆိုးကျိုး များကိုသာ ရရှိမှာဖြစ်ပါတယ်။
ဗုဒ္ဓသာသနာတော်နဲ့ပတ်သက်ပြီး အတုအယောင် သံဃာများပပျောက်ရေး ” အဆိုကို  လွှတ်တော်မှာ တင်သွင်းသင့်ပါတယ်။ ဒါ့အပြင် လွှတ်တော်မှာ နိုင်ငံတော်အတွက်လိုအပ်တဲ့ ဥပဒေတွေ ကို ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းတဲ့အခါ သာသနာတော်သန့်ရှင်းရေးအတွက် သင်္ကန်းစည်းခွင့်၊ တရားဟောခွင့် စတဲ့ ဘာသာရေးဆိုင်ရာ ဥပဒေတွေလည်း ဆရာတော်/သံဃာတော် များထံ လျှောက် ထားပြီး ပြဋ္ဌာန်းပေးဖို့ တောင်းဆိုလိုပါတယ်။ ဒါဟာ ဒီနေ့ သာသနာတော်အတွက် လူပုဂ္ဂိုလ်များကြည်ညို သဒ္ဒါပွားများဖို့အတွက် မရှိမဖြစ်ပြဌာန်းသင့်တဲ့ သာသနာဥပဒေ တစ်ရပ်လို့ ယူဆပါတယ်။ လူတွေကြားထဲ ဘုန်းကြီးထိုင်နေတာလဲ အင်မတန် ကြည့်မကောင်းတဲ့ မြင်ကွင်းဖြစ်သလို ဘာမဟုတ်တဲ့ ကင် ညာနိုင်ငံအမျိုးအနွယ် အမေရိကန်နွယ်ဖွား အိုဘားမားကို သံဃာအရေခြုံတွေက အလံကိုင် ရပ်တာလဲ အင်မတန်အကြည့်ရဆိုးတဲ့ မြင်ကွင်းဖြစ်ပါတယ်။ လူမှုရေးယောင်ယောင်၊ နိုင်ငံရေးယောင်ယောင်နဲ့ သာသနာ့အကျိုး မလုပ်ဘဲ လမ်းပေါ်ထွက်အော်ဟစ်နေချင် တဲ့ ယောင်ခြောက်ဆယ် ဘုန်းကြီးတွေ ရဲ့ ကျောင်းတွေကိုလဲ သန့်စင်ပစ် ရပါမယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာသာသနာအတွက်ဆိုရင် အင်မတန်မှရက်ရောလှပါ တယ်။ နှမြောတွန့်တိုခြင်းကင်းစွာ လှူဒါန်းတတ်ကြပါတယ်။ သံဃာများဟာ ဆွမ်း၊ သင်္ကန်း ၊ ကျောင်း၊ ဆေးစတဲ့ ပစ္စည်းလေးပါးလှူဒါန်းသူ ဒါယကာ၊ ဒါယိကာမတွေကို မှီပြီးရပ်တည်ရသလို အပြန်အလှန် အားဖြင့် သံဃာတော်များ ကလည်း မိမိကိုယ်ကို ဝိနည်းသိက္ခာများနဲ့ ညီ ညွတ်အောင် စောင့်ထိန်းခြင်း၊ သာသနာတော်အကျိုးကို ဆထက် ထမ်းပိုးသယ်ပိုးခြင်းတို့ဖြင့် တာဝန်ကျေရ မှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း မိမိတို့စုဆောင်းထားတဲ့ ဝတ္တုပစ္စည်းတွေကို သံဃာတုတွေ အတွက် တစ်လုံး၊ နှစ်လုံး၊ သုံးလုံး ဒိုင်ဖွင့်ဖို့ မတည်ငွေမဖြစ်စေဖို့၊ တိတ်တိတ်ပုန်း မယားတွေ ဆီ ထောက်ပံ့ဖို့ငွေမဖြစ်ဖို့၊ တိုက်ဆောက် ကားစီးတဲ့ငွေမဖြစ်ဖို့ လေ့လာပြီးမှ လှူဒါန်းသင့်ပါတယ်။
 ကာလပေါ် လူစွမ်းကောင်း ဘုန်းဘုန်းတုတစ်ပါး
           အခုလို ကင်မရာရှေ့မှာ လူစွမ်းကောင်း သင်္ကန်းအရေခြုံ Hero လုပ်ချင်တာ၊ သူများ လက်ခုပ်တီးပေးတိုင်း ကချင်တာ ဆိုရင်တော့ ကြည်ညိုဖို့ဝေလာဝေး၊ အတွေးထဲမှာတောင် ဦးချမိမယ် မထင်ပါဘူး။ ဘုမသိ၊ ဘမသိနဲ့ လမ်းပေါ်ထွက်ဟေ့ဆိုတိုင်း ကျောင်းထဲကနေ လမ်းပေါ်တက် မလာပါနဲ့၊ ၂၀၀၇ ခုနှစ် အရေးအခင်းကို သတိရမိ ပါတယ်။
          ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေသို့လင်းတဲ့နိုင်ငံဖြစ်ဖို့ ကျွန်တော်တို့ ပြည်သူ ပြည်သားအားလုံးက လိုလားပါတယ်။  “သုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော၊ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော၊ ဥာယပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော၊ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသဘဂဝတော သာဝက သံဃော၊ အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိနေယျော၊ အဉ္ဇလီ ကရဏီယျော၊ အနုတ္တရံ ပုညခေတံ္တ လောကဿာတိ” လို့ဆိုတဲ့အတိုင်း လယ်ယာ မြေကောင်းသဖွယ်ဖြစ်ရင် ဗုဒ္ဓဘာသာ မျိုးစေ့များ အစေ့၊ အညှောင့်မှန်ကန်စွာနဲ့ ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒီလိုသာလယ်ယာမြေကောင်း သဖွယ်မဟုတ်ဘဲ ပါလေရာပဲခူးဆားဆိုရင်တော့ ဘယ်မျိုးစေ့ကမှ ရှင်သန်မှာ မဟုတ်ဘဲ ပုပ်ပွပြီး နောင်ဗုဒ္ဓ ဘာသာဟာ မြန်မာနိုင်ငံမှာ ပေါ်ထွန်းခဲ့ပါသလားဆိုတာ ရေထဲအရုပ်ရေးသလို ဖြစ်နေမှာအလွန်စိုးရိမ်ရပါတယ်။ ဒီလိုမဖြစ်ဖို့ အတုများကိုရှင်းပစ်ကြပါစို့။ စစ်မှန်တဲ့ ပင်စည်ရှင်သန်ဖို့ ပေါင်းမြက် များကို ဖယ်ထုတ်ကြပါစို့။ အစိုးရ၊ သာသနာရေးဝန်ထမ်းများနဲ့အတူ ဗုဒ္ဓဘာသာဝင် ပြည်သူအားလုံး ပူးပေါင်းပြီး သံဃာတုများ အတွက် သာသနာတော်မှာနေရာမရှိအောင် ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရကြောင်းပါ ခင်ဗျား…။
ဗုဒ္ဓသာသနံ၊ စိရံတိဋ္ဌတု

1 comment:

  1. သံဃာတော်သန့်ရှင်းရေး
    လုပ်ဖို့အချိန်တန်ပြီ

    ReplyDelete