Tuesday, December 18, 2012

ဆီးရီးယားအစိုးရတပ် ဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်

ဆီးရီယားနိုင်ငံမှာ အကြမ်းဖက်မှုအခြေအနေတွေ ပိုဆိုးလာတဲ့အပေါ် ကုလသ မဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက    ဝေဖန်ရှုတ်ချ လိုက်ပါတယ်။

 ဆီးရီယားထဲမှာရှိတဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို ဆီးရီယား အစိုးရတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ အင်မတန်ကို စိုးရိမ်ပူပင်စရာအခြေအနေဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်း က ပြောဆိုသွားပါတယ်။

 Yarmouk ဒုက္ခသည်စခန်းကို ဆီးရီယားအစိုးရက ဗုံးကြဲတိုက်ခိုက်တာကြောင့် အနဲဆုံး လူ ၈ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီယားအတိုက်အခံလှုပ်ရှားသူတွေက ပြောပါတယ်။

သမ္မတအာဆပ်အစိုးရအနေနဲ့ ၂၀၁၁ခုနှစ် မတ်လက စလို့ အတိုက်အခံတွေကိုနှိမ်နင်းနေရာမှာ၊ ဒုက္ခသည်စခန်းတခုကို အခုလို လေကြောင်းကနေ တိုက်ခိုက်တာမျိုးဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

လူဦးရည်ထူထပ်တဲ့ အရပ်သားနယ်မြေတခုကို ဗုံးကြဲတိုက်ခိုက်မှုမှာ ခိုင်လုံတဲ့ အထောက်အထားတွေရှိထားပြီး၊ ဒီလို အရပ်သားလူထုအပေါ် အကြမ်းဖက် တိုက်ခိုက် မှုကို ဝေဖန်ရှုတ်ချတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြေညာချက် ထုတ်ခဲ့ပါတယ်။

မနေ့ တနင်းနွေနေ့တုန်းက ဆီးရီယားအစိုးရက လေကြောင်းတိုက်ခိုက်မှု ၆ ခု ပြုလုပ်ခဲ့ရာမှာ၊ အဲဒီ ဒုက္ခသည်စခန်းကို တိုက်ခိုက်တာဟာ တခုအပါအ၀င် ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့က ကြေညာပါတယ်။ သူပုန်တွေဟာ သူတို့ ခြေကုတ်ယူ ထား တဲ့ နေရာတွေကနေ မြို့တော်အနီးအထိ ချည်းကပ်လာပြီလို့လည်း ဆိုပါတယ်။

From : VOA  (မြန်မာပိုင်း)

No comments:

Post a Comment