Friday, January 4, 2013

စီးပွားရေးအခက်အခဲများကြောင့် အရွယ်မရောက်သေးသူများ လုပ်ငန်းခွင် သို့ရာက်ရှိနေ


မန္တလေး တိုင်းဒေသကြီး အတွင်း စီးပွားရေးကျပ်တည်းမှုများကြောင့် အခြေခံလူတန်းစား အများစု၏ အရွယ် မရောက်သေးသောကလေးငယ် များသည် လုပ်ငန်းခွင်တွင်းသို့ ၀င်ရောက်လုပ်ကိုင် လျက်ရှိနေကြောင်း သိရသည်။
အခြေခံလူတန်းစားများ အနေဖြင့် စီပွားရေး အခက်အခဲများကြောင့် မြို့ကျောင်းများတွင် ထားရှိနိုင်ခြင်း မရှိတော့ဘဲ ကျေးရွာ မူလတန်းအောင် ရုံမျှဖြင့် ကလေးငယ်များအား လုပ်ငန်းခွင်တွင်းသို့ ထည့် သွင်း စေခိုင်း လာကြောင်း သိရသည်။

“လက်လုပ်လက်စား မိသားစုအိမ်တစ်အိမ်မှာဆိုရင်ကျောင်းသား သုံးယောက်လောက် ရှိရင် ကျောင်း မထားနိုင်တော့ဘူး။ မူလတန်းကတည်းက ရေးတက်ဖက်တက်ရင် ကျောင်းထုတ်ပြီး လုပ်ငန်း တွေမှာ ခိုင်း တယ်။ ကလေးတွေကို မြို့ပေါ်က လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုး လုပ်ခိုင်းတယ်။

 ဆေးလိပ်ခုံတွေမှာ ဆေးလိပ်လိပ်ခိုင်းတယ်။ ပန်းရံတွေထဲမှာ လည်းထည့်ထားတာတွေ အများ ကြီး ရှိ တယ်။” ဟု ကန်ကြီးကုန်း ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

အခြေခံ လူတန်းစား အများစုမှာ အကြွေးတင်ပြီး အလုပ်အကိုင် အဆင်မပြေမှု၊ ကျန်းမာရေးဖောက်ပြန် လာမှု အစရှိသည့် ငွေကြေးမပြေလည်မှုများကြောင့် သားသမီးများအား ကျောင်းထုတ်၍ အလုပ်လုပ် ခိုင်းစေကြောင်း သိရသည်။

“တစ်နေ့လုပ်မှာ တစ်နေ့စားရတာ၊ သားသမီးလေးယောက်လောက်ရှိတော့ ကျွန်တော်က ကျန်းမာရေး အခြေအနေ မကောင်းရင် အားလုံးဒုက္ခရောက်မှာ၊ ဖြစ်ချင်တော့လည်း ကျွန်တော်တို့ လက်လုပ် လက်စားတွေ မှာ နှစ်လုံး၊သုံးလုံးထိုးတဲ့ ရောဂါရှိတယ်။

အဲဒါတွေကြောင့်လည်း ကျွန်တော်ကိုယ်တိုင် ဒုက္ခရောက်ခဲ့တော့ ကလေးတွေ လဘက် ရည် ဆိုင်တွေ ရောက် ကုန်တာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်တို့ အလုပ်က ချမ်းသာဖို့ကို ဝေးတဲ့အတွက် တစ်လကို ထီလေး တစ်စောင်လောက်ထိုး၊နောက်ပြီး နှစ်လုံး၊သုံးလုံးလေးကိုဘဲ ပြန်မျှော်မှန်းရတာပဲ” ဟု ပွဲရုံတွင် အလုပ်လုပ်ကိုင်နေသောကုန်ထမ်းသမားတစ်ဦးက ဆိုသည်။

“ဘယ်မိဘမဆို ကိုယ့်သားသမီးလေး ပညာတက်ကြီး၊ လူတော်လူကောင်းကြီး ဖြစ်စေချင်တာပေါ့။ ကိုယ့် ၀မ်းနဲ့လွယ်ပြီး မွေးထားတဲ့ကလေးလေးနေပူထဲမှာ အလုပ်ကြမ်း လုပ်နေရတာ ဘယ်မိဘမှ မကြည့် ရက်နိုင်ပါဘူး။ စီပွားရေးအကျပ်အတည်းကြောင့် ခိုင်းနေရတာပဲဖြစ်မယ်။” ဟု ကျောင်း သား မိဘ တစ်ဦး က ၎င်း၏ထင်မြင်ချက်အား ပြောပြသည်။

“မိဘတွေက ကလေးတွေ ပညာဆုံးခန်းမတိုင်ဘဲ အခုလိုလုပ်လိုက်ခြင်းအားဖြင့် ကလေးအတွက် ပညာ သင်ရမည့် အခွင့်အလမ်းတွေ ဆုံးရှုံးသလိုနိုင်ငံတော်အတွက်လည်း အသိပညာရှင် ၊အတက် ပညာ ရှင်တွေ ထွန်းကား လာမည့် အခွင့်အလမ်းတွေလည်း ဆုံးရှုံးသွားတယ်။

မူလတန်းအခမဲ့ဆိုပေမယ့် အလယ်တန်း ပညာသင်စရိတ်ကိုပါထပ်ပြီး လျှော့ချပေးရင် ကျောင်း မတက်နိုင်တဲ့ ကလေတွေ ကျောင်းစရိတ်အတွက် မပူရတော့ဘူး။ မိဘတွေလည်းပိုပြီး အဆင်ပြေ နိုင် တယ်။” ဟု အငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦးက ၎င်း၏အမြင်အား ပြောကြားသည်။



The Myanma Age

No comments:

Post a Comment