Wednesday, January 30, 2013

ဝေးလံပြီး သွားလာရေး ခက်ခဲသည့် ဒေသများသို့ ဆရာဝန်များ သွားရောက်တာဝန် ထမ်းဆောင်လိုစိတ် ရှိရန်အတွက် လစာသုံးဆ ပေးနိုင်ရန် ကျန်းမာရေး ၀န်ကြီးဌာနမှ နိုင်ငံတော် သမ္မတထံ တင်ပြထားဟုဆို

ဝေးလံပြီး သွားလာရေး ခက်ခဲသည့် ဒေသများသို့ ဆရာဝန်များ သွားရောက် တာဝန်ထမ်းဆောင်လိုစိတ် ဖြစ်ပေါ်အောင် လစာ သုံးဆအထိ တိုးမြှင့်ပေးနိုင်ရန် ကျန်းမာရေး ၀န်ကြီးဌာနမှ နိုင်ငံတော် သမ္မတထံ တင်ပြထားကြောင်း သိရသည်။

ယင်းအဆိုကို ဇန်န၀ါရီလ ၂၁ ရက်တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး၏ မေးမြန်းချက်အပေါ် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားရာတွင် ယခင်က ဝေးလံပြီး သွားလာရေး ခက်ခဲသည့် ဒေသများသို့ တာဝန်ကျသည့် ဆရာဝန်များ သွားရောက်တာ ၀န်ထမ်းဆောင်ခြင်း မရှိပါက DE, PE စစ်ဆေးကာ အလုပ်မှ ထုတ်ပယ်ကြောင်း၊ ဆမလက်မှတ်ကိုလည်း သိမ်းကြောင်း၊ ယင်းသို့ ပြုလုပ်သည့် အတွက် ကာယကံရှင်နှင့် ကာယကံရှင် မိသားစုများ နစ်နာကြောင်း၊ ဒေသခံ ပြည်သူလူထုနှင့် နိုင်ငံတော် အနေဖြင့်လည်း နစ်နာကြောင်း၊ ယခင် ဆုပေး ဒဏ်ပေး လုပ်ခဲ့စဉ်က ဒဏ်ပေးသည့်အခါ ဆရာဝန်များ အလုပ်ထွက်သွားသည့် အတွက် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ ဆမ အသိမ်းခံရခြင်း၊ လျော်ကြေး ပေးရခြင်းမှလွဲ၍ အကျိုးမရှိခဲ့ကြောင်း ပြည်ထောင်စု ၀န်ကြီးက ဖြေကြားခဲ့သည်။
ယင်းဖြစ်စဉ်များ ရှိနေခြင်းကိုလည်း ကျန်းမာရေး ၀န်ကြီးဌာနမှ နိုင်ငံတော် သမ္မတထံ တင်ပြခဲ့ကြောင်း၊ ၀န်ကြီးဌာန အနေဖြင့် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များ အတွက် လစာသုံးဆ တိုးပေးနိုင်ရန် တင်ပြခဲ့ကြောင်း၊ သုံးဆတိုးပေးရာတွင် ၀န်ကြီးဌာနမှ တစ်ဆ၊ နတလက တစ်ဆ၊ ဒေသခံ ပြည်သူများက တစ်ဆပေးရန် တင်ပြခဲ့ကြောင်း ပြောသည်။
ထို့ပြင် ဝေးလံခေါင်သီပြီး သွားလာရေး ခက်ခဲသည့် ဒေသများတွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များ ဘွဲ့လွန် ဖြေဆိုရာတွင်လည်း လောက်လောက်လားလား အရွေးခံနိုင်ရန် အမှတ်ပေးမည် ဖြစ်ကြောင်း၊ အာမခံချက် ပေးမည်ဖြစ်ကြောင်း၊ ယင်းပြည်နယ်များတွင် တာဝန်ထမ်းဆောင် ပြီးပါက မိမိတောင်းဆိုသည့် နေရာသို့ ပြန်ပေးမည် ဖြစ်ကြောင်း၊ ယင်းသို့သော နည်းလမ်းများဖြင့် ဝေးလံခေါင်ဖျား ဒေသများသို့ သွားချင်အောင်၊ ၀န်ထမ်းများ တာဝန်ထမ်းဆောင်လိုအောင် ပြုလုပ်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“လောလောဆယ် နှစ်ဆက အောင်မြင်နေပါသေးတယ်။ နှစ်ဆတော့ အောင်မြင်ပါပြီ။ သက်ဆိုင်ရာ ဒေသက ပေးမယ့် တစ်ဆကတော့ ဒေသရဲ့ အခြေအနေအရ မရသေးပါဘူး။ ဒီလိုအစီအမံတွေနဲ့လည်း ကျွန်တော်တို့ ဆောင်ရွက် ပေးနေပါတယ်” ဟု မေးမြန်းချက်အပေါ် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။
ဝေးလံခေါင်သီပြီး သွားလာရေး ခက်ခဲသည့် ဒေသမှ ဆရာဝန်ဘွဲ့ ရရှိပြီး ဆမလက်မှတ် ရရှိထားသော ဒေသခံ လူငယ်များကို ၀န်ထမ်းရွေးချယ်မှ ခေါ်ယူစစ်ဆေးသည့် စာမေးပွဲတွင် အကြိမ်ကြိမ် ဖြေဆိုသော်လည်း ရွေးချယ်ခံရခြင်း မရှိ၍ ဒေသခံများ၏ ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲ ကြုံနေရကြောင်း အဆိုတစ်ခုကို ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ ဦးဟာရှိန်းဘွေက တင်သွင်းခဲ့သည်။
ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြန်လည် ဖြေကြားရာတွင် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ပြန်တမ်းဝင် အရာရှိ အဆင့်ဖြစ်သော လက်ထောက်ဆရာဝန် ရာထူးအတွက် တိုက်ရိုက်ရွေးချယ် ခန့်ထားခွင့် မရှိပါကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်နေကြောင်းကိုလည်း ထည့်သွင်း ဖြေကြားခဲ့ပါသည်။

EMG

No comments:

Post a Comment