Wednesday, January 30, 2013

ဇန်နဝါရီလ ၂၈ ရက်နေ့ နိုင်ငံပိုင်သတင်းစာသုံးစောင်မှာ ဖော်ပြခဲ့တဲ့ ကေအိုင်အေ မိုင်းခွဲတိုက်ခိုက် မှုဖြစ်စဉ်သတင်းမှာ အသုံးပြုထားတဲ့ ဓာတ်ပုံ နှင့် ပတ်သတ်၍ ပြန်ကြားရေး ဒုဝန်ကြီးရဲ့ ရှင်းပြချက်

ဇန်နဝါရီလ ၂၈ ရက်နေ့ နိုင်ငံပိုင်သတင်းစာသုံးစောင်မှာ ဖော်ပြခဲ့တဲ့ ကေအိုင်အေ မိုင်းခွဲတိုက်ခိုက် မှုဖြစ်စဉ်သတင်းမှာ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ မြန်မာတိုင်းမ် ( အင်္ဂလိပ်) မှာ ဖော်ပြထားတဲ့ အဲပုဂံ လေယာဉ်ပျက်ကျမှုသတင်းမှာ ဖော်ပြထားတဲ့ဓာတ်ပုံဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦးက ဒီနေ့ ညနေ ၆ နာရီလောက်မှာ ကျွန်တော့်ဆီကို ဆက်သွယ်အကြောင်း ကြားလာပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက တာဝန်ရှိသူများနဲ့ စိစစ်မှုများ ချက်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ စိစစ်ချက်အရ အခုလိုသိရှိရပါတယ်။

အဲဒီဗုံးကွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး
သတင်းအရင်းအမြစ်ထံကနေ သတင်း အရင်ရပါတယ် ။ နောက် ညဘက်ကျမှ
ဓာတ်ပုံတွေရောက်လာလို့ ထည့်သုံးလိုက်ပါတယ်။အဲဒီပုံကို သတင်း စာသုံးစောင်လုံးက သုံးလိုက်မိပါတယ်။ အခုထောက်ပြ ချက်ရမှ
သတင်းပို့တဲ့တဲ့သူကို ပြန်စစ်တဲ့အခါ ဆိုင်ကယ်ပုံက မှားပို့လိုက်တာပါလို့
ပြောပါတယ်။

ဒါပေမယ့် သတင်းဖြစ်စဉ်ကတော့ မှားယွင်းခြင်းမရှိပါဘူး။ မှန်ကန်ကြောင်း ထပ်ပြီး အတည်ပြု လို့ရ ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းအယ်ဒီတာများကို တိုက်ပွဲပုံများ၊
မတော်တဆထိခိက်မှုဖြစ်စဉ်များ၊ သဘာ ၀ဘေးဒဏ်များနဲ့ပတ်သက်ရင် သတင်းရော၊
ပုံစာပါ သေသေချာချာစိစစ်ဖို့၊ သတင်း ဓာတ်ပုံ ကို မသေချာရင်လုံးဝမထည့်ဖို့
ဦးဆောင်ညွှန်ကြားရေးမှူးက ထပ်မံညွှန်ကြားပြီးဖြစ်ပါတယ်။

သတင်းပေးပို့သူကိုလည်း နောင် ဒါမျိုးဖြစ်ရင် သူ့ကို မသုံးတော့ဘူးလို့လည်း
သတိပေးထားပါတယ်။

ဒီဖြစ်စဉ်ဟာ အင်မတန်အရေးကြီးတဲ့ ကေအိုင်အေတိုက်ခိုက်မှုဖြစ်စဉ်နဲ
ပတ်သက်ပြီး မှားယွင်းခဲ့တာဖြစ်တဲ့ အတွက် သတင်းစာများအပေါ်ပြည်သူများရဲ့ ယုံကြည်မှုကို
ထိခိုက်စေပါတယ်။

နောက်ပြီး ပြည်သူ့ဝန်ဆောင်မှု သတင်းစာ များအတွက် သတင်းစာအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်မှာ ပါတဲ့ ပုံနှိပ်ခြင်းမပြုမီမှာ သတင်းမှန်ကန်မှုကို တတ်စွမ်းသမျှ စစ်ဆေးရမည်ဆိုတဲ့အချက်ကို အလေး ထားဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုပျက်ကွက်မှုအတွက် စာဖတ်ပရိသတ်များကို တောင်းပန်အပ်ပါတယ်။

နောင်အလားတူမဖြစ်စေဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားပါ့မယ်။

ပြည်ထောင်စုဝန်ကြီးကလည်း သတင်းစာများအနေနဲ့ တရားဝင်တောင်းပန်ဖို့ညွှန်ကြားထား ပါတယ်။ နောင်မှာလည်း ပြဋ္ဌာန်းပြီးဖြစ်တဲ့ စာနယ်ဇင်းကျင့်ဝတ်များ၊ လုပ်ငန်းဆောင်ရွက်ပုံ နည်းစနစ်များအတိုင်း တိတိကျကျဆောင်ရွက်ဖို့၊ သတင်းမှန်ကန်မှုနဲ့ မြန်ဆန်မှုကို ဟန်ချက် ညီအောင်ဆောင်ရွက်ဖို့ ကျွန်တော်တို့အားလုံးကို ညွှန်ကြားခဲ့ပါတယ်။
YeHtut Facebook

No comments:

Post a Comment