Tuesday, February 26, 2013

တရုတ်ဟက်ကာ တိုက်ခိုက်မှုများကို အရေးယူရန် တောင်းဆိုမှု မြင့်တက်လာ

အမေရိကန် နည်းပညာကုမ္ပဏီကြီးများ ဖြစ်သည့် မိုက်ခရိုဆော့ဖ်၊ အက်ပဲလ်တို့ ဆိုက်ဘာတိုက်ခိုက်မှုများ ခံခဲ့ရပြီးနောက် တရုတ်စစ်ဘက်က ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံထားရသော ဆိုက်ဘာတိုက်ခိုက်မှုများ၊ အမေရိကန် စီးပွားရေးလုပ်ငန်းများ၏ လျှို့ဝှက်ချက်များ ခိုးယူခံနေရမှုများအတွက် တရုတ်ကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုများ မြင့်တက်လာနေသည်။

အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဥက္ကဋ္ဌ မိုက်ရော်ဂျာက အမေရိကန်စီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့အစည်းများကို ဆိုက်ဘာတိုက်ခိုက်မှုများ နောက်ကွယ်တွင် တရုတ်စစ်ဘက် ရှိနေသည်မှာ သံသယမဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။
"သူတို့က အမေရိကန်စီးပွားရေး လုပ်ငန်းတွေ၊ ဥရောပစီးပွားရေး လုပ်ငန်းတွေဆီက ဉာဏပိုင်ဆိုင်မှုတွေ ခိုးယူဖို့ သူတို့စစ်တပ်ကို အသုံးပြုပါတယ်။ ပြီးတော့ နိုင်ငံတကာဈေးကွက်မှာ အမေရိကန်ကို ယှဉ်ပြိုင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
"ဒါဟာ မကြုံစဖူးပါပဲ။ အဲဒီတော့ ကျွန်တော်ပြောမယ်။ ဒါတွေကို မြင်တွေ့နေရတာ ဆိုးပါတယ်။ ပိုဆိုးလာတာက ဘာကြောင့်လဲ။ အဲဒီအတွက် အကျိုးဆက်က မရှိဘူး ဖြစ်နေတယ်" ဟု ABC ရုပ်သံအစီအစဉ် This Week တွင် ၎င်းက ပြောကြားခဲ့သည်။
အမေရိကန် အင်တာနက်လုံခြုံရေး ကုမ္ပဏီ Mandiant က ထုတ်ပြန်သော အစီရင်ခံစာတွင် ဟက်ကာအဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုများကို ခြေရာခံခဲ့ရာ တရုတ်စစ်တပ်မှ အဖွဲ့တစ်ဖွဲ့ အခြေစိုက်သည့် ရှန်ဟိုင်းမြို့စွန် အဆောက်အအုံတစ်ခုကို ခြေရာခံမိခဲ့ကြောင်း ဖော်ပြခဲ့သည်။
နယူးယောက်တိုင်းမ် သတင်းစာနှင့် အခြားအမေရိကန် မီဒီယာများကလည်း တရုတ်နိုင်ငံမှ ဟက်ကာတိုက်ခိုက်မှုများ ကြုံခဲ့ရကြောင်း ဇန်န၀ါရီလတွင် ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် ဆိုက်ဘာလောကတွင် ခြိမ်းခြောက်မှုအရှိဆုံး နိုင်ငံဖြစ်ကြောင်း အမေရိကန် ကွန်ဂရက်က ပြီးခဲ့သည့်နှစ်တွင် သတ်မှတ်ခဲ့သည်။
တရုတ်နိုင်ငံက စွပ်စွဲမှုများကို အခြေအမြစ်မရှိဟု ပယ်ချခဲ့ပြီး အမေရိကန်သည် စီးပွားရေးပြဿနာများကို အာရုံစိုက်မှု လွှဲပြောင်းရန်အတွက် တရုတ်ကို ဓားစာခံအဖြစ် အသုံးချခဲ့ကြောင်း စွပ်စွဲခဲ့သည်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှ ဒီမိုကရက်တစ် အမတ်တစ်ဦးဖြစ်သော အဲလိရော့အိန်ဂျယ်လ်က အမေရိကန် ဥပဒေပြုအမတ်များ မကြာသေးခင်က တရုတ်သို့ သွားရောက်လည်ပတ်ခဲ့ရာ ယင်းကိစ္စကို တရုတ်ထိပ်တန်း တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment