Wednesday, February 13, 2013

ပြည်ခိုင်ဖြိုး သတင်းစာထုတ်ရန် ၉၀ ရာနှုန်း အသင့်ဖြစ်နေပြီ

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက နေ့စဉ်သတင်းစာထုတ်ဖို့ ပြင်နေတာ ၉၀ ရာခိုင်နှုန်းလောက် အသင့်ဖြစ်နေပြီလို့ သတင်းစာ တာဝန်ခံလုပ်မယ့် ဦးဝင်းတင် (သီဟအောင်) က ပြောပါတယ်။

သတင်းစာနာမည် ရွေးချယ်နေတုန်းဖြစ်ပြီး သတင်းစာထုတ်ဖို့ အသင့်ဖြစ်နေပုံကို ဦးဝင်းတင်က “ပုံနှိပ်စက်က ပထမပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားတယ်။ သတင်းစာတိုက်အဆောက်အအုံ၊ ပုံနှိပ်စက်အဆောက်အအုံ ကိုတော့ တောင်ဥက္ကလာပ ၁၄/၁ ရပ်ကွက်မှာ အဆင်သင့်ရှိနေပါတယ်။ စက်ကတော့ လောလောဆယ် ပုံမှန်လောက်အနေအထားမျိုး ရမယ်ထင်ပါတယ်။ နောက်ထပ်စက်တွေလည်း ၀ယ်ဖို့ ရှိပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးတော့ လူအင်အားရော၊ ကွန်ပျူတာ၊ စီမံ၊ ပုံနှိပ် အဲလို စုဆောင်းပြီးတော့ လုပ်နေတာ အခု ၉၀ ရာခိုင်နှုန်းကတော့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

သတင်းစာမှာ ပါတီအာဘော်ရယ်လို့ သီးသန့်ဖော်ပြတာမျိုး ရှိမှာ မဟုတ်ဘဲ နယ်ပယ်အသီးသီးက သတင်းအားလုံးကို ရေးသားဖော်ပြသွားမယ်လို့ ပြောပါတယ်။

ရန်ကုန်စာနယ်ဇင်းလောကမှာတော့ ပြည်ခိုင်ဖြိုးပါတီက ထုတ်မယ့် နေ့စဉ်သတင်းစာအတွက် သတင်းထောက် ခေါ်ယူနေရာမှာ ဘယ်တုန်းကမှ မပေးဖူးတဲ့ လစာနဲ့ အခွင့်အရေးတွေပေးပြီး ခေါ်နေတယ်လို့ ဂျာနယ်အယ်ဒီတာတဦးက ပြောပါတယ်။

“ရိုးရိုး အငယ်တန်းသတင်းထောက်တဦးကို ၂ သိန်း ၃ သောင်းရယ်၊ လက်ပ်တော့တလုံးပေးမယ်၊ ကွန်ပျူတာ တလုံးပေးမယ်။ လုပ်ငန်းအတွေ့အကြုံရှိတဲ့ အကြီးတန်းသတင်းလောက် ပုံစံမျိုးဆိုရင်တော့ ၃ သိန်းခွဲလောက် ပေးမယ်လို့ ပြောတယ်။ အယ်ဒီတာဖြစ်ရင်တော့ ၅ သိန်းအထက် ရှိမယ်လို့ ထင်တယ်။ ဘယ်လောက်လဲဆိုတာတော့ တိတိကျကျ မသိရဘူး။ အငယ်တန်းသတင်းထောက်နဲ့ အကြီးတန်းသတင်းထောက်ကိစ္စကတော့ ကျနော်သေချာသိတဲ့ဟာ။ လက်ရှိမှာ သတင်းထောက်တယောက် လုပ်ငန်းအတွေ့အကြုံ ဘာမှမရှိဘဲနဲ့ ၂ သိန်း ၃ သောင်းပေးတာက ဒီမှာ လုံးဝမရှိဘူး။ အတွေ့အကြုံရှိတဲ့ သတင်းထောက် ၃ သိန်းခွဲပေးတာလည်း ဒီမှာ လုံးဝမရှိသေးပါဘူး။”

ပြည်ခိုင်ဖြိုးပါတီက ထုတ်မယ့် နေ့စဉ်သတင်းစာကို ဦးစီးလုပ်ဆောင်မယ့် ဦးဝင်းတင်ဟာ ဗိုလ်မှူးဟောင်းတဦး ဖြစ်ပြီး၊ မြန်မာ့သတင်းစဉ်နဲ့ မြန်မာ့အလင်းသတင်းစာတို့မှာ အယ်ဒီတာလုပ်ခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း northen star ဂျာနယ်ကို တည်းဖြတ်ထုတ်ဝေနေသူ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ သက်တမ်း ၂ နှစ်ပြည့်မယ့် ဧပြီလ ၁ ရက်ကစပြီး ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပြုမယ်လို့ သက်ဆိုင်ရာက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစပြီး ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် လျှောက်ထားနိုင်ကြောင်း ကြေညာထားပြီး ဖေဖော်ဝါရီ ၁၃ ရက်ထိ ၆ စောင်လောက် လျှောက်ထားပြီး ဖြစ်တယ်လို့ သက်ဆိုင်ရာက စုံစမ်းသိရှိရပါတယ်။
ရွှေအောင် DVB ၁၃ ဖေဖော်ဝါရီ ၂၀၁၃
 

No comments:

Post a Comment