Friday, February 15, 2013

လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံရေးအနေဖြင့် နိုင်ငံတကာတွင် မျက်နှာငယ်ခဲ့ရပြီး စီးပွားရေးတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် အများကြီး နောက်ကျနေကြောင်း ဒုတိယသမ္မတ ပြောကြား

ha-14-2-5 (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)

လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံရေးအနေဖြင့် နိုင်ငံတကာတွင် မျက်နှာငယ်ခဲ့ရပြီး စီးပွားရေးတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် အများကြီးနောက်ကျနေကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။     
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ တိုင်းရင်းသား ခေါင်းဆောင်များအား ဖေဖော်ဝါရီလ ၁၃ ရက်က နေပြည်တော်ဟိုတယ်ဇုန်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဉ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။                
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက "မိမိတို့တွေသည် အကြောင်းအမျိုးမျိုးကြောင့် အနေ၀းပြီး သူစိမ်းတွေလိုဖြစ်နေကြောင်း၊ ဘယ်လိုအကြောင်းကြောင့်ပင်ဖြစ်စေ မကြာမကြာ တွေ့ဆုံလျှင် ခင်မင်ရင်းနှီးမှုများ တိုးပွားလာကာ ဘာပဲလုပ်လုပ် အဆင်ပြေ အောင်မြင်မည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် မကြာခဏ တွေ့ဆုံပြီး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သင့်ကြောင်း" ပြောကြားခဲ့သည်။            
"မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံရေး၊ စီးပွားရေး နောက်ကျကျန်ခဲ့ကြောင်း၊ နိုင်ငံရေးအနေဖြင့် နိုင်ငံတကာတွင် မျက်နှာငယ်ရပြီး စီးပွားရေးအနေဖြင့် ကြည့်မည်ဆိုလျှင်လည်း အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် အများကြီး နောက်ကျနေကြောင်း" ဒုတိယသမ္မတက ဆက်လက်ပြောကြားခဲ့သည်။        

ထိုသို့ဖြစ်ရခြင်းမှာ ငြိမ်းချမ်းရေး မရရှိသောကြောင့်ဖြစ်ပြီး ငြိမ်းချမ်းရေးမရှိလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ နောက်ကျကျန်နေမည် ဖြစ်သောကြောင့် တိုင်းရင်းသားအားလုံးက ငြိမ်းချမ်းရေးရရှိအောင် ၀ိုင်းဝန်းကြိုးပမ်း ကြရန်လည်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုက်တွန်းခဲ့သည်။           
ယင်းဂုဏ်ပြု ညစာစားပွဲသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ခေါင်းဆောင်များ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ၊ Myanmar Peace Center မှ အဖွဲ့ဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုးဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။        
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ပြည်ထောင်စုနေ့ အခမ်းအနားအပြီး ဖေဖော်ဝါရီလ ၁၃ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပါအ၀င် အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးစာချုပ်တွင် လုပ်ဆောင်ရန် ကျန်ရှိသည့် အချက်များအား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။            
နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN)၊ ချင်းအမျိုးသားတပ်ဦး (CNF) စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တက်ရောက်ခဲ့သည်။
 EMG

No comments:

Post a Comment