Thursday, February 14, 2013

ငြိမ်းချမ်းရေးတကယ်လိုချင်ရင် လာဆွေးနွေးဖို့ ကေအိုင်အိုကို ကာချုပ်ဖိတ်ခေါ်


ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေးလာရောက် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။


ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၉ နာရီက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများနဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်မြေရှိ တပ်နယ် ၆ ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာလို့ မြ၀တီသတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရယူထားတာဟာ အပစ်အခတ်ရပ်စဲပြီး ယာယီငြိမ်းချမ်းရေးရယူထားခြင်းသာဖြစ်လို့ ဥပဒေဘောင်အတွင်း အပြည့်အ၀ ၀င်ရောက်လာအောင်၊ ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့အကြောင်း သူက ပြောဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့ဟာ ဒုတိယအဆင့်ဖြစ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှုရပြီးဖြစ်တဲ့အကြောင်းနဲ့ ကေအိုင်အေအဖွဲ့သာ အကြောင်းအမျိုးမျိုးဖြင့် ကျန်ရှိရာ ကေအိုင်အေအနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုပါက အချိန်မရွေး လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ပါကြောင်း၊ ဖိတ်လည်း ဖိတ်ခေါ်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်တဲ့အကြောင်းနဲ့ လွတ်လပ်ရေးရယူပြီးချိန်ကစလို့ အယူဝါဒ၊ တိုင်းရင်းသားရေး၊ ဘာသာရေးပေါ် မူတည်ပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ရာမှာ တပ်မတော်အနေနဲ့ လက်နက်စွဲကိုင်တိုက်ခိုက်တဲ့ သောင်းကျန်းသူများအား တိုင်းပြည်အေးချမ်းမှုကို နှောင့်ယှက်သော အကြမ်းဖက်လုပ်ရပ်များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ တိုင်းရင်းသားများကို တိုက်ခိုက်ခြင်းမဟုတ်ကြောင်း။

အခုအခါမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေကြပြီဖြစ်လို့ အယူဝါဒများ ကွဲပြားစရာမရှိတော့ဘဲ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွားကြရန်သာလိုတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကေအိုင်အိုခေါင်းဆောင်တွေကို ပေးပို့တဲ့ ဆုတောင်းမေတ္တာပို့သစာမှာလည်း ‘စစ်မှန်တဲ့ငြိမ်းချမ်းရေး။ တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်ကြောင်း ရိုးသားစွာယုံကြည်ကြောင်းနဲ့ အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပမယ်လို့ ပြည်သူလူထုကို အကြိမ်ကြိမ်အသိပေးတင်ပြထားကြောင်း’ ရေးသားထားချက်ကို ကေအိုင်အိုက မနေ့က သမ္မတစာပါ ဖော်ပြပါရှိတဲ့အတိုင်း ကေအိုင်အိုဗဟိုကော်မတီကလည်း စစ်မှန်သောငြိမ်းချမ်းရေးရရှိနိုင်ဖို့နဲ့ တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးကာ အဖြေရှာမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ကေအိုင်အိုနဲ့အစိုးရအကြား ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ၂၀၁၁ ခုနှစ်လည်ပိုင်းမှာ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပါတယ်။ နှစ်ဘက်ကိုယ်စားလှယ်တွေ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပေမယ့် အဆင်မပြေဖြစ်ခဲ့ရာက ဒီဖေဖော်ဝါရီလဆန်း ၄ ရက်နေ့က နှစ်ဘက်ကိုယ်စားလှယ် ဆွေးနွေးပွဲကျင်းပပြီးချိန်မှာတော့ နှစ်ဘက် တိုက်ပွဲတွေရပ်စဲနေသလို ဒီလကုန်ပိုင်းမှာ တကြိမ်ထပ်တွေ့ကြဖို့ ရှိနေပါတယ်။

အစိုးရ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီတွေဟာလည်း ကေအိုင်အိုပါဝင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေအတွက် အကြိုညှိနှိုင်းပွဲကို လာမယ့် ၁၉ ရက်ဝန်းကျင်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။
DVB

No comments:

Post a Comment