Saturday, February 2, 2013

နေပြည်တော် ပျဉ်းမနားမှာ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်သူများကို ပြည်ခိုင်ဖြိုးပါတီနဲ့ အင်န်အယ်လ်ဒီပေါင်းပြီး နံနက်စာကျွေး

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများရပ်စဲရန်အတွက် ရန်ကုန်မြို့မှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ လမ်းလျှောက်ချီတက်နေသော အဖွဲ့ကို ပျဉ်းမနားမြို့နယ်အရောက်တွင် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ပူးပေါင်း၍ နံနက်စာကျွေးခဲ့ကြောင်း သတင်းရရှိသည်။


"ပျဉ်းမနားမြို့ သရက်ဆိပ်ကျေးရွာမှာ ဒီနေ့မနက် (ဖေဖော်ဝါရီ ၂ ရက်) က ပြည်ခိုင်ဖြိုးပါတီနဲ့ အင်န်အယ်လ်ဒီပေါင်းပြီး နံနက်စာကျွေးတယ်။ မနက်ဖြန်လည်း ကျွေးဦးမယ်လို့ ပြောထားပါတယ်" ဟု လမ်းလျှောက်သောအဖွဲ့တွင်ပါဝင်သော ကိုရန်နိုင်ထွန်းက ပြောသည်။

ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေ လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးကြီးမြင့်အောင်သန်းနှင့် ဆေးရုံအုပ်ကြီးတို့ကလည်း လမ်းလျှောက်သည့်အဖွဲ့အား ကျန်းမာရေးဆေးစစ်မှု ပြုလုပ်ပေးခဲ့ပြီး ငွေကျပ် တစ်သိန်းကျော်ဖိုးရှိ ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း ကိုရန်နိုင်ထွန်းက ပြောသည်။

အဖွဲ့ဝင် ၃၀ ကျော်ပါဝင်သော ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သော အဆိုပါအဖွဲ့သည် ရန်ကုန်မြို့မှ ဇန်န၀ါရီလ ၂၁ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး ယနေ့ညတွင် ပျဉ်းမနားမြို့နယ် နန့်အော်ကျေးရွာ၌ ညအိပ်ရပ်နားမည်ဖြစ်သည်။

7DaysNewsJournal

No comments:

Post a Comment