Thursday, February 14, 2013

နှိပ်စက်ခံရသည့် ကရင်မိန်းကလေးကို မြန်မာအစိုးရ ကူညီမည်

နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၁၄ ရက် 

ထိုင်းအလုပ်ရှင် လင်မယားရဲ့ ရေနွေးပူလောင်း နှိပ်စက်ခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးအတွက် နစ်နာကြေး၊ တရားမျှတမှု ရရှိရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေက စီစဉ်နေပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံအရာရှိ ဦးကျော်ကျော်လွင်က “ဒီကိစ္စကို အရေးကြီးကိစ္စတခုအနေနဲ့ လုပ်သွားမှာပါ။ လူကြီးတွေကလည်း ညွှန်ကြားထားတယ်။ နောက် လိုအပ်တဲ့ ဆေးဝါးကိစ္စတွေအတွက် လိုအပ်တဲ့ငွေကြေး၊ လူမှုရေးထောက်ပံ့ငွေတွေ အရာရှိ ၁ ယောက် ဦးဆောင်ပြီး သွားပေးမယ်။ တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ထိုင်းအစိုးရတာဝန်ရှိသူတွေကို ဖိအားပေးတဲ့စာ၊ တိုက်တွန်းစာပေါ့ ပို့မယ်။ လိုအပ်တဲ့အမှုတွေ ထပ်စွဲရမှာပေါ့။ အခုလည်း ရှေ့နေနဲ့ တိုင်ပင်တယ်။ ထိုင်းဥပဒေအတိုင်းပေါ့။ အခုလောလောဆယ် သိထားတာ ၇ မှု။”

မြန်မာသံရုံး ကိုယ်စားလှယ်တွေဟာ ဒီ ၁ ရက် ၂ ရက်အတွင်း  မိန်းကလေးငယ်ကို စောင့်ရှောက်ထားတဲ့ ကယ်ဆယ်ရေးဂေဟာကို သွားရောက်ပြီး  ကျေးဇူးတင်စကားပြောကြားမှာဖြစ်သလို မိန်းကလေးကိုလည်း ကရုဏာကြေးအဖြစ် ထိုင်းဘတ်ငွေ သိန်းဂဏန်းလောက် ပေးဖို့ မှန်းထားတယ်လို့ ဦးကျော်ကျော်လွင်က ဆိုပါတယ်။

ဒါ့အပြင် အနိုင်ကျင့်ခဲ့တဲ့ ထိုင်းအလုပ်ရှင်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းအာဏာပိုင်တွေကနေတဆင့် တရားဝင်ကန့်ကွက်စာ ပေးပို့ပြီး ဥပဒေဘောင်အတွင်းက ကူညီပေးသွားမယ်လို့ ပြောပါတယ်။

    လွန်ခဲ့တဲ့ ၅ နှစ်က ကမ်ဖိုင်ဖိတ်ခရိုင် ဆိုင်းငမ်းမြို့နယ်က  မြန်မာရွှေ့ပြောင်းအလုပ်သမား နိုင်းအောင်နဲ့ နန်းဒိုင်း တို့ရဲ့ သမီးဖြစ်သူဟာ မိဘတွေ ကြံခင်းထဲမှာအလုပ်လုပ်နေတုန်း ထိုင်းလင်မယား ၂ ဦးရဲ့ ဖျားယောင်းသွေးဆောင်ပြီး ကျွန်ပြုခိုင်းစေခံရတဲ့အပြင် အမျိုးမျိုးနှိပ်စက်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ သူမဟာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ရွာသားတွေက လူမှုကယ်ဆယ်ရေးဌာနကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကလေးမ တကိုယ်လုံးမှာ အပူလောင်တဲ့ဒဏ်ရာ၊ နားရွက်ကို ကပ်ကြေး နဲ့ ဖြတ်ထားတဲ့ ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်ရဲ့ အရေပြား ၅၀ ရာခိုင်နှုန်းက ပျက်စီးနေပြီး အသားအရည်ရဲ့ အဆင့် ၃ ထိ နက်ဝင်နေတယ်လို့ ကမ်ဖိုင်ဖစ်ခရိုင် ဆေးရုံ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဘယ်ဘက်လက်မောင်း အသားနဲ့ နံကြားက အသားကပ်နေပြီး လှုပ်ရှားလို့ မရတဲ့အတွက် အမြန်ဆုံး ခွဲစိတ်ကုသဖို့ လိုနေပြီး အရေပြားတွေ နဂိုအတိုင်း ပြန်ဖြစ်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။

နှိပ်စက်တဲ့ ထိုင်းလင်မယားကို ဖြားယောင်းမှု၊ မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ အသက် ၁၅ နှစ်အောက် ကလေးငယ်ကို  လူကုန်ကူးမှု၊ တရားမ၀င်အလုပ်သမားလက်ခံမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု စတဲ့ ပြစ်မှု ၇ ခုနဲ့ ကမ်ဖိုင်ဖိတ် ရဲစခန်းနဲ့ ခရိုင်အလုပ်သမား ကာကွယ်ရေးရုံးက  စွဲချက်တင်ထားတယ်လို့ ထိုင်းရဲဘက်ဆိုင်ရာအရာရှိတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက် မှာ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဆီမှာ ဖြောင့်ချက်ပေးဖို့ ချိန်းထားတယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment