Friday, February 15, 2013

ဈေးမီးလောင်မှုများ မကြာခဏ ဖြစ်နေသည့်အတွက် နိုင်ငံတစ်ဝန်းလုံးရှိ စည်ပင်ပိုင် ဈေးများတွင် သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ ထားရှိမည်

ဈေးမီးလောင်မှုများ မကြာခဏ ဖြစ်နေသည့်အတွက် နိုင်ငံတစ်ဝန်းလုံးရှိ စည်ပင်ပိုင် ဈေးများတွင် လခစား သီးသန့် မီးသတ်တပ်ဖွဲများ ထားရှိပြီး မီးလောင်မှုအား အချိန်ပြည့် စောင့်ကြည်သွားမည် ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။

သီးသန့်မီးသတ် တပ်ဖွဲ့ဝင်သည် မီးဘေးအန္တရာယ် စိုးရိမ်ရသော လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းဌာနများတွင် လစာပေးခန့်ထားသော သီးသန့် တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။
စက်ရုံအလုပ်ရုံများတွင် လစာပေးပြီး သီးသန့်မီးသတ်တပ်ဖွဲ့များ ထားရှိသလို၊ ဈေးများတွင်လည်း လစာပေးပြီး ဖွဲ့စည်းထားသည့် သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ ထားရှိမည်ဖြစ်ကြောင်း မီးသတ် ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး တစ်ဦးက ပြောကြားခဲ့သည်။
''အခုဆိုရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်စည်ပင်သာယာရေး အမှူဆောင် အရာရှိတွေနဲ့ ညှိနှိုင်းပြီးသွားပြီ၊ ဖွဲ့စည်းဖို့ လုပ်နေကြပါတယ် ဈေးတွေမှာ ညစောင့်ဆိုတာလည်း ညဘဲစောင့်နိုင်တာ အချိန်ပြည့် မစောင့်နိုင်ဘူးလေ၊ ထိထိရောက်ရောက် မဟန့်တားနိုင်ဘူး၊ ဒါကြောင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ ထားပြီး အချိန်ပြည့် စောင့်ကြည့်သွား ပါမယ်'' ဟု ဆက်လက် ပြောကြားခဲ့သည်။
သီးသန့်မီးသတ်တပ်ဖွဲ့ ဝင်များသည် မီးဘေးအန္တရာယ်၊ သဘာဝဘေး အန္တရာယ်၊ ကပ်ပါးဘေး အန္တရာယ် သို့မဟုတ် အခြားရုတ်တရက် ဖြစ်ပွားသော ဘေးအန္တရာယ် ဖြစ်ပွားသော အခါတွင် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
သီးသန့် မီးသတ်တပ်ဖွဲဝင်များအား မီးသတ်ဦးစီးဌာနမှ မီးသတ်ပညာများ လေ့ကျင့်ရေး၊ ကျွမ်းကျင်မှုနှင့် နည်းပညာများ ရရှိရေးအတွက် ပို့ချပေးပြီး သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနည်းတူ အစဉ်အမြဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဈေးမီးလောင်မှုများတွင် ၂ဝဝ၈ ခုနှစ် မန္တလေးမြို့ရှိ ရတနာပုံဈေး မီးလောင်မှု၊ ၂ဝ၁ဝ ခုနှစ်တွင် မင်္ဂလာဈေး မီးလောင်မှုနှင့် ယခုနှစ်၂ဝ၁၃ ခုနှစ် သိမ်ဖြူဖရပ်၊ မြို့မစည်ပင်ဈေးမီးလောင်မှုတို့မှာ ဆုံးရှုံးမှုကြီးမားသော မီးလောင်မှုများဖြစ်ကြောင်း သိရသည်။
EMG

No comments:

Post a Comment