Wednesday, February 13, 2013

ချင်းမိုင်ရှိ အမေရိကန်သံရုံးအား အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးနိုင်ရန် လုံခြုံရေးတိုးမြှင့်



ချင်းမိုင် (မဇ္ဈိမ)။     ။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား အယ်လ်ကိုင်းဒါး
နှင့် Salafist အကြမ်းဖက် အုပ်စုများက ယခုလအတွင်း တိုက်ခိုက်လာနိုင်စရာ ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုကောင်စစ်ဝန်ရုံး အနီးတဝိုက်တွင် လုံခြုံရေး အထူး တင်းကြပ်ထား
ကြောင်း ထိုင်း အာဏာပိုင်များ က ပြောခဲ့သည်ဟု အေပီ သတင်းတရပ်တွင် အင်္ဂါနေ့က ဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra က လုံခြုံရေး တပ်ဖွဲ့များအား ထိုနေရာတွင် အင်အားတိုးမြှင့်ရန် အမိန့် ပေးထားကြောင်း အေပီ သတင်းဌာနတွင် ဖော်ပြထားသည်။  

ထိုင်းနိုင်ငံ ဒုတိယ အကြီးအကဲ Chalerm Yubumrung က အကြမ်းဖက်ခြင်း ခံရနိုင်မှု အန္တရာယ် အကြောင်း အသေးစိတ် ပြောပြရန် ငြင်းဆန်သွားသော်လည်း အမေရိကန် ဦးဆောင်သည့် ရွှေမြွေဟောက် နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသည်အထိ လုံခြုံရေးကို ဆက်လက် တိုးမြှင့် တင်းကြပ်ထားမည်ဟု ဆိုခဲ့သည်။

ဘန်ကောက်ရှိ အမေရိကန် သံရုံး ပြောရေးဆိုခွင့် ရှိသူ Walter Braunohler က ထိုင်းနိုင်ငံရှိ အမေရိကန်နှင့် ပတ်သတ်သည့် နေရာများအား ဘေးအန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန်အတွက် လိုအပ်သည့် အစီအစဉ်များကို အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ဆိုခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာများ သောင်းနှင့်ချီ၍ နေထိုင်လျက် ရှိကြပြီး မဇ္ဈိမ သတင်းဌာန၏ ရုံးခွဲ တခုလည်း ချင်းမိုင်မြို့တွင် ရှိသည်။

No comments:

Post a Comment