Wednesday, March 6, 2013

မြန်မာ့တိုင်းရင်း ပရဆေးပင် ဣဿရမူလီတွင် ကင်ဆာဖြစ်နိုင်စွမ်း မြင့်မားသော ဓာတုပစ္စည်း Aristolochic Acid ပါဝင်နေပြီး ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း စစ်ဆေးတွေ့ရှိ

3.6.3



ဣဿရမူလီ ဆေးရွက်ကို တွေ့ရစဉ်
မြန်မာ့တိုင်းရင်း ပရဆေးပင် ဣဿရမူလီတွင် ကင်ဆာဖြစ်နိုင်စွမ်း မြင့်မားသော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Aristolochic Acid ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားပြီး ယင်းဆေးပင်ကို စားသုံးခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေရှိ-မရှိ စစ်ဆေးခဲ့ရာ ကျောက်ကပ်ပျက်စီးမှုကို ဖြစ်ပေါ်စေပြီး ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ ဆေးဝါးအဆိပ် သုတေသနဌာနမှ ဒေါက်တာခင်ချစ်က ပြောသည်။

အဆိုပါ ဆေးပင်ကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသည့်အတွက် ပြည်တွင်း၌ သုံးစွဲလျက်ရှိသည့် မျိုးစိတ်များကို ဖော်ထုတ်၍ အဆိပ်အတောက် ရှိမရှိ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ ဆေးဝါးအဆိပ် သုတေသနဌာနတို့ ပူးပေါင်းကာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ ဣဿရမူလီပင်သည် Aristolochia မျိုးစုတွင် ပါဝင်ပြီး မျိုးစိတ်ပေါင်း ၅၀၀ ကျော်ရှိသည်။
မြန်မာပြည်တွင် အသုံးများသည့် မျိုးစိတ်မှာ Aristolochia Indica Linn မျိုးစိတ်ဖြစ်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ရုက္ခဗေဒပညာရှင် ဒေါ်သီတာဆွေမှ ဖော်ထုတ်ခဲ့ကြောင်း၊ ယင်းဆေးပင်ကို မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါ ဘီ-စီပိုး၊ ကင်ဆာရောဂါများ၊ အဆစ်အမြစ် ကိုက်ခဲမှုများ စသည့် ရောဂါများကို သက်သာစေသည်ဆိုကာ တိုင်းရင်း ပရဆေးအဖြစ် သုံးစွဲမှုများ ရှိနေကြောင်း၊ အဆိုပါ ဆေးရွက်ကို နှစ်ရွက်မှ လေးရွက်အထိ သဘာဝအတိုင်း မပြုမပြင် စားသုံးလေ့ရှိကြောင်း သိရသည်။
ယင်းနောက် ဆေးပင်တွင် အဆိပ်အတောက်ရှိ-မရှိ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာ ပြည်) တွင် ၎င်းအရွက် သတ္တုရည်ကို ရေဖြင့်စပ်ပြီး ရရှိသော “ဆေးအနှစ်” များကို ကြွက်ဖြူများဖြင့် စမ်းသပ်ခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးစမ်းသပ်ရာတွင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လက်ရှိအသုံးပြု Organization for Economic Co-operative Development(OECD) Guideline အတိုင်း စမ်းသပ်ခဲ့ကြောင်း သိရသည်။
စမ်းသပ်ရာတွင် ကြွက်ဖြူ အကောင်လေးဆယ်ကို အုပ်စုလေးစုခွဲ၍ စမ်းသပ်ခဲ့ကြောင်း၊ ပထမအုပ်စုတွင် အရွက်သတ္တုရည်ပါ ဆေးအနှစ်များ မတိုက်ကျွေးဘဲ ကျန်သုံးအုပ်စုတွင် 300mg/kg, 2G/kg နှင့် 5G/kg ဟူ၍ ဆေးပမာဏခွဲကာ တိုက်ကျွေးခဲ့ပြီး ၁၄ ရက်ကြာ စောင့်ကြည့်ခဲ့ကြောင်း၊ ရလဒ်များအရကြွက်များ သေဆုံးမှု မရှိသော်လည်း ၎င်းကြွက် ဖြူလေးများ၏ သွေးများကို ထုတ်ယူ၍ အသည်းနှင့် ကျောက်ကပ်ပျက်စီးမှု ရှိ-မရှိ စစ်ဆေးရာ ကျောက်ကပ် ထိခိုက်မှုကိုပြသော Urea နှင့် Creatinine ပမာဏမှာ 2G/kg ဆေးပမာဏမှ စ၍ မြင့်တက်လာပြီး 2G/kg ဆေးပမာဏအထက် အသုံးပြုထားသည့် ကြွက်များတွင် Urea နှင့် Creatinine ပမာဏမှာ သိသိသာသာ မြင့်တက်လာကြောင်း စစ်ဆေးတွေ့ရှိရသည်။
ယင်းသို့ တွေ့ရှိမှုကြောင့် ကြွက်များ၏ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ဘေလုံး၊ အစာအိမ်၊ အူသိမ်နှင့် အူမကြီးများ အားလုံးကို ထုတ်ယူ၍ ပြင်ပလက္ခဏာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ၎င်းအသားစများကို အလွှာလိုက်ဖြတ်ပြီး အဏုကြည့်မှန်ပြောင်းဖြင့် အသေးစိတ် ထပ်မံကြည့်ရှု စစ်ဆေးခဲ့ရာ 5G/kg ဆေးပမာဏ သောက်ထားသော ကြွက်များ၏ ကျောက်ကပ်များတွင် အချို့ရောင်ရမ်းနေပြီး အချို့မှာ သွေးယိုစီးမှု ရှိနေကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ယင်းဆေးပင်သည် အတိုင်းအဆမဲ့ စားသုံးပါက ကျောက်ကပ်ပျက်စီး စေနိုင်ကြောင်း သိပ္ပံနည်းကျ စမ်းသပ်ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဆေးပင်ကို စမ်းသပ်ခဲ့ရာတွင် လူကို အကျိုးပြုသည့် Flavonoit , Polyphenol, Tanin နှင့် Saponin ဒြပ်ပေါင်းများ ပါဝင်နေသလို အဆိပ်အတောက် ဖြစ်စေနိုင်သည့် Cyanogenic Glycoside ကဲ့သို့ ဒြပ်ပေါင်းများလည်း ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်ဟု သိရသည်။
EMG

No comments:

Post a Comment