Saturday, March 2, 2013

မြန်မာအစိုးရ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိနိုင်ကြောင်း ဖင်လန်နိုဘယ်လ်ဆုရှင် ပြောကြား


မြန်မာအစိုးရကို မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ ၈ ဒသမ ၄ သန်း ပေးမည်ဟု ဖင်လန်အစိုးရက ကြေညာခဲ့ပြီးနောက် ဖင်လန်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မက်တီအာတီဆာရီက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစိုးရသည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိနိုင်ကြောင်း မတ်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဥရောပငါးနိုင်ငံသို့ ၁၀ ရက်ကြာခရီးကို သွားရောက်လည်ပတ်နေသော မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကို ဖင်လန်ခရီးစဉ်အတွင်း အာတီဆာရီက ဟယ်လ်ဆင်ကီးမြို့၌ တွေ့ဆုံခဲ့သည်။ ဖင်လန်သမ္မတဟောင်း အာတီဆာရီက မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်လျှင် မြန်မာအစိုးရသည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အလားအလာ အလွန်ကောင်းနေကြောင်း ယုံကြည်သည်ဟု ပြောကြားခဲ့သည်။ အာတီဆာရီသည် နိုင်ငံတကာ ပဋိပက္ခများတွင် ကြားဝင်စေ့စပ် ညှိနှိုင်းခဲ့မှုကြောင့် ၂၀၀၈ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိထားသူဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုသည် နိုင်ငံတွင်းမှသာ ထွက်ပေါ်လာနိုင်ကြောင်း အာတီဆာရီက ပြောကြားခဲ့ပြီး သမ္မတဦးသိန်းစိန်အနေဖြင့် နိုင်ငံကို အသွင်ပြောင်းလဲရန် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။
ဖင်လန်သမ္မတ ဆော်လီနီနစ်တိုးသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် မတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို ဒေါ်လာ ၈ ဒသမ ၄ သန်း၊ ယူရို ၆ ဒသမ ၅ သန်း ကူညီမည်ဟု ကြေညာခဲ့သည်။ မြန်မာနိုင်ငံအတွက် အကူအညီများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ဖင်လန်သံတမန် သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
EMG

No comments:

Post a Comment