Tuesday, March 12, 2013

KIO နှင့် UNFC တို့ ရွှေလီမြို့၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ အိမ်ရှင် တရုတ်နိုင်ငံ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ပူးတွဲကြေညာချက်တွင် မထည့်သွင်းနိုင်ခဲ့သည့် ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်မည်ဟု သိရ

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တို့သည့်မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျင်းချိန်(Jind Cheng) ဟိုတယ်တွင် တွေ့ဆုံခဲ့ကာ မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမှုအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း UNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ  ဦးခွန်ဥက္ကာ၏ ပြောကြားချက်အရ သိရှိရပါသည်။

မတ်လ ၁၁ ရက်နေ့က ထိုသို့တွေ့ဆုံပြီး သုံးသပ်မှုများ ပြုလုပ်ခဲ့ရာတွင် ဆွေးနွေးပွဲကို ကမကထ ပြုပေးခဲ့သော အိမ်ရှင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ၏ ၀င်ရောက်စွက်ဖက်မှုကြောင့် ပူးတွဲ ကြေညာချက်တွင် ထည့်သွင်းနိုင်ခဲ့ခြင်း မရှိသော ကိစ္စရပ်များကို ဆက်လက် အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရပါသည်။
"အခု ထုတ်ထားတဲ့ ပူးတွဲ ကြေညာချက်ထဲမှာ မပါတဲ့ တစ်ချို့ အရေးကြီးတဲ့ အချက်တွေကို ကျွန်တော်တို့က အလုပ် ဆက်လုပ်ဖို့တော့ ချန်ထားခဲ့တယ်။ အိမ်ရှင် ပြဿနာကြောင့် ကျွန်တော်တို့က ဒီလို လုပ်လိုက်ရတယ်။ ဒါကြောင့် ပူးတွဲ ကြေညာချက်ထဲမှာ မပါတဲ့ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း အတူလုပ်ရမယ့် ကိစ္စတွေကို ကျွန်တော်တို့က ဆက်လုပ်သွားမယ်။ အဲဒီ သဘောတော့ တွေ့ရတယ်”ဟု ဦးခွန်ဥက္ကာက ပြောသည်။
အိမ်ရှင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ အနေဖြင့် ပူးတွဲကြေညာချက်တွင် ပါဝင် အချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို အကြံပြုရုံ သက်သက်မဟုတ် ၀င်ရောက် စွက်ဖက် လုပ်ဆောင်သည့် အခြေအနေများ ရှိခဲ့ကြောင်း သိရပါသည်။
“ပြည်တွင်းက လာတဲ့ နေပြည်တော် ကိုယ်စားလှယ် အဖွဲ့ပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ KIO ကိုယ်စားလှယ် အဖွဲ့ပဲ ဖြစ်ဖြစ် တော်တော်များများ အခြေခံ သဘောတူညီချက် ရကြတယ်။ သို့သော်လည်းပဲ အခု အိမ်ရှင်အဖြစ် ကျင်းပပေးတဲ့ တရုတ် ကိုယ်စားလှယ်တွေက ကြားဝင်ပြီးတော့ တစ်ချို့ အချက်တွေ ကြိုက်တယ်။ တစ်ချို့ အချက်တွေ မကြိုက်ဘူး ဆိုပြီးတော့ စာလုံးတွေ ပြင်ပေးပါ။ စာလုံးတွေ ဘာဖြစ်သင့်တယ် ဆိုပြီးတော့ ၀င်ရောက် အကြံပေးတာပေါ့ဗျာ။ ရိုးရိုးပြောရင်တော့။ ဒါပေမဲ့ စွက်ဖက်တဲ့ သဘောမျိုး၊ intervene များတဲ့ အခါကျတော့ အဲဒီအပေါ်မှာ နှစ်ဖက်စလုံးက သိပ် စိတ်မကောင်းကြဘူး။ သို့သော်လည်းပဲ တစ်ချို့ကိစ္စတွေမှာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်၊ ကိုယ့်ဟာကိုယ် သဘောတူ။ ကိုယ့်ဟာကိုယ် လုပ်ရမယ့် ဟာတွေက ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့တွေက ကဲ ဒါဆိုရင် ဒီအိမ်ရှင်မှာတော့ ကိုယ်က လာမိပြီဆိုတော့ ပြင်ပေးလိုက်။ တစ်ချို့ စကားလုံးတွေ၊ တစ်ချို့ ထွက်လာတဲ့ ဟာတွေ၊ သို့သော် ကိုယ့် အထဲမှာ တကယ် ရရှိတဲ့ ဟာကို ဆက်ကိုင်ထားပြီးတော့ အလုပ်ဆက်လုပ်နေမယ်။ အဲဒီလို ဆုံးဖြတ်လိုက်တယ်”ဟု ဦးခွန်ဥက္ကာက ပြောပါသည်။
မတ်လ ၁၁ ရက်နေ့က ရွှေလီ၌ ပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့  တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂) ဦးတို့က လေ့လာသူများ အဖြစ် တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးပွဲကိုလည်း တရုတ်နိုင်ငံမှ စီစဉ်ပေးခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ Mr.Luo Zhaohui တက်ရောက်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စတင်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် နေ့လည်စာ စားပြီးချိန်မှ စတင်ပြီး ခေတ္တရပ်နားခဲ့ကာ ည  ၉နာရီ အချိန်တွင် ပြန်လည် စတင်၍ ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် အဆုံးသတ်ခဲ့ပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ခိုင်မာသော အပစ်အခတ်ရပ်ဆိုင်းရေး  ရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီခဲ့သည့် နည်းတူ ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန်၊ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားရန်၊ ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်း စစ် မြေပြင်များကို ကွင်းဆင်း လေ့လာ စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက် ပိုမို နီးကပ်စွာ ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြည့်ရေး ရုံးများကို နှစ်ဖက် ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် အစရှိသည်တို့ကိုလည်း သဘောတူညီခဲ့ကြပါသည်။
အိမ်ရှင် တရုတ်နိုင်ငံက ဆွေးနွေးပွဲသို့ တက်ရောက်လိုသော  “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSP/UWSA မှ ဒုတိယ စစ်ဦးစီးချုပ် ကျောက်ကျုံးတန်းနှင့် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လီးကျူးလျဲ့(ခေါ်) ဦးအောင်မြင့်တို့ကို ပြည်ဝင်ခွင့် မပေးခဲ့သည့် အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး  ပူးတွဲကြေညာချက်၌ တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်း စာသားကိုထည့်သွင်းရန် တရုတ်ကိုယ်စားလှယ်များက ပြောဆိုခဲ့သော်လည်း အစိုးရနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များက ထိုသို့ ထည့်သွင်းပေးနိုင်မည် မဟုတ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု သတင်များ ထွက်ပေါ်ခဲ့ပါသည်။

No comments:

Post a Comment