Saturday, April 6, 2013

အစိုးရမှ သတင်းရောင်းမည်မှာ ပုဂ္ဂလိက မီဒီယာများအတွက် အဆန်းဖြစ်နေ

အစိုးရနှင့် ပတ်သက်သည့် သတင်းများကို ပြန်ကြားရေး ဝန်ကြီးဌာနမှ ပုဂ္ဂလိက သတင်းဌာန များသို့ ရောင်းချမည်ဆိုသည်မှာ အသစ်အဆန်းတခု ဖြစ်နေပြီး အသုံးတည့်ပါက ဝယ်သုံးကြမည်ဟု ပုဂ္ဂလိက မီဒီယာ တာဝန်ရှိသူများက တုန့်ပြန်ကြသည်။

“အစိုးရဌာနကသတင်းရောင်းတယ်ဆိုတာ သိရသလောက်ပြောရရင် ဘယ်နိုင်ငံမှာမှ မကြားမိဘူး။ သတင်းပေးဖို့ တာဝန်ရှိသူတွေက သတင်းရောင်းမယ်ဆိုတော့ ထူးခြားတဲ့ကိစ္စပါ။ သူတို့က ရောင်းတယ်
ဆိုတော့ ဝယ်ရမှာပေါ။ တခုပဲရှိတယ်၊ ရန်ပုံငွေအတွက် ရောင်းမှာလား၊ ဘာအတွက် ရောင်းမှာလဲ၊ ဘယ်လိုရောင်းမှာလဲ ဆိုတာ ရှိလာမယ်။
ရောင်းတယ် ဆိုကတည်းက အစိုးရဌာနက စီးပွားရေး ပြန်လုပ်တဲ့သ ဘော သက်ရောက်ပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုကို အသိပေးဖို့ လိုအပ်တဲ့ သတင်းမျိုးဆို အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့ တာဝန်ရှိသလို မီဒီယာအားလုံးကလည်း သတင်းမေးပိုင်ခွင့်ရှိပါတယ်” ဟု The Voice Daily သတင်းစာ အယ်ဒီတာ ချုပ် ဦးကျော်မင်းဆွေ က သုံးသပ်ပြောဆိုသည်။

ထို့အတူ အမေရိကန် အခြေစိုက် RFA သတင်းဌာန၏ မြန်မာပြည်ရုံးခွဲ တာဝန်ခံ ဦးကျော်ကျော်အောင် ကလည်း “ကျနော် သိသလောက် ပြော ရရင် အစိုးရဌာနပိုင်းကနေ သတင်းတွေ ကို ရောင်းတယ် ဆိုတာမျိုး နိုင်ငံတကာမှာတော့ မကြားဖူးပါဘူး။ ပြည်သူတွေ သိသင့်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ပွင့်လင်းမြင်သာအောင် ထုတ်ပြန်သင်ပါတယ်။

ပွင့်လင်းမြင်သာအောင် သတင်းထုတ်ပြန်တယ်ဆိုတာ ဂုဏ်သိက္ခာနဲ့ ဆိုင်ပါတယ်။ RFA သတင်းဌာန အနေနဲ့ ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းမျိုး၊ ဓါတ်ပုံမျိုးတွေဆိုရင် အခြား ရွေးစရာမရှိရင်တော့ သတင်းနှင့် စာနယ်ဇင်းကနေ ဝယ်သုံးရမှာပေါ့” ဟု ဆိုသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ သတင်းနှင့် ဓာတ်ပုံများကို မည်သို့ ရောင်းချ သွားမည် ဆိုသည်ကို အသေးစိတ် ဆက်လက် ထုတ်ပြန်သွားမည်ဟု ဆိုသည်။

“နိုင်ငံတော်အဆင့် အစိုးရရဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို နိုင်ငံတကာ သတင်းဌာနတွေက ရောင်းတဲ့ ပုံစံ အတိုင်း ပြန်လည် ရောင်းချသွားမှာ ဖြစ်တယ်။ လောလောဆယ် ညှိနှိုင်းစီစဉ်တဲ့ သဘောပဲ ရှိပါတယ်။ အသေးစိတ် အချက်အလက်တွေကို မကြာမီ ထုတ်ပြန်ပေးသွားမှာပါ” ဟု သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦး ကျော်စိုး က ပြောဆိုထားသည်။

လက်ရှိတွင် ဌာနဆိုင်ရာများမှ သတင်းထုတ်ပြန်မှုနှင့် မျှဝေမှုများ အားနည်းနေ၍ ထိုသို့ အစိုးရဌာနမှ သတင်းရောင်းလျှင် ရနိုင်ခြေ နည်းလမ်းတခုအဖြစ်လည်း လူထုပုံရိပ် ဂျာနယ် အယ်ဒီတာချုပ် ဦးမင်းနိုင်စိုး က မျှော်လင့်သည်။

“သတင်းစဉ်က အစိုးရဌာနတခုအနေနဲ့ ရှိနေရင် လွတ်လပ် တဲ့ သတင်းအေဂျင်စီ ဖြစ်နိုင်ပါ့မလား။ သူ့ထဲက သတင်းတွေ ကရော၊ သူရောင်းမယ့် သတင်းတွေကရော လွတ်လပ်တဲ့ သတင်းအေ ဂျင်စီ ဖြစ်နိုင်ပါ့မလား။

ဒါမှမဟုတ် အစိုးရနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို ထုတ်ပြန်ဖို့ ရည်ရွယ်သလားပေါ့။ အဲဒီလို ရည်ရွယ် တယ်ဆိုရင်လည်း အစိုးရအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေအလိုက် ပြောရေးဆိုခွင့် ရှိသူတွေ ရှိနေတယ်။ လက်တွေ့ ရင်ဆိုင်နေရတာက ဌာနဆိုင်ရာ တွေရဲ့ ဌာနဆိုင်ရာ သတင်းထုတ်ပြန် သူနေတွဆီကနေ သတင်း ပံ့ပိုးမှုတွေက သိပ်ပြီး အသက်မဝင်သေးဘူး။ အခုလို သတင်း ရောင်းမယ် ဆိုတော့ ဌာနဆိုင်ရာသတင်းတွေများ ရနိုင်မလား လို့တော့ မျှော်လင့်မိပါတယ်” ဟု ဆိုသည်။

မည်သို့ ရောင်းချမည်ကို အသေးစိတ် မသိရသေး၍ သုံးသပ်ရန် အခက်အခဲများလည်း ရှိနေသည်။

“အစိုးရအနေနဲ့ သတင်းရောင်းတဲ့ကိစ္စ မဖြစ်သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် အစိုးရက ထုတ်ပြန်နေတဲ့ သတင်းမှန် သမျှကို အရင်လို လက်ဝါးကြီးအုပ်ပြီး၊ သူတို့ ဆီမှာထည့်ပြီး၊ အဲဒီမှာ ပါတာကိုမှ ကျန်တဲ့ ပုဂ္ဂလိက သတင်းတိုက်တွေက ပြန်ဝယ်သုံးရမှာဆိုတော့ သတင်းက အမြဲ နောက်ကျနေနိုင်တယ်။ ဒါမှ မဟုတ် သူတို့ သတင်းတိုက်မှာ မပါတဲ့ သတင်းကို ပုဂ္ဂလိက တိုက်တွေ သုံးဖို့ ရောင်းမှာလား။

ဒါမှမဟုတ် သူတို့တိုက်မှာလည်းသုံး ကျန်တဲ့ တိုက်တွေလည်း ရောင်း၊ အဲဒီ လို တပြေးညီ သုံးလို့ရ မှာလား ဆိုတာရှိလာမယ်။ တပြေးညီ သုံးခွင့် ရှိတယ် ဆိုရင်တော့ ကောင်းပါတယ်” ဟု ယနေ့ခေတ် သတင်းဂျာနယ် အယ်ဒီတာ ချုပ် သက်ဇင် က ပြောသည်။

စက်ရပ်သတင်းများ ရနိုင်ပါမူ ဝယ်သုံးလိုသည်ဟု “ကောင်းတာ တခုတော့ရှိပါတယ်။ နိုင်ငံတော် သတင်းအချို့ကို သမ္မတရုံးဝဘ်ဆိုက်က အချိန်အခက်အခဲကြောင့် မတင်ဖြစ်ခဲ့တာမျိုး ရှိတယ်။ ညနေပိုင်း သတင်းတွေ အထိက ည ၈ နာရီသတင်းမှာ ပါနိုင်တယ်။ ဒါပေမယ့် ည ၉ နာရီ၊ ၁၀ နာ ရီမှာ လုပ်ရတဲ့ အရေးပေါ် သတင်းမျိုးတွေဆို သတင်းစဉ်က ဝယ်သုံးလို့ရ ရင် အဆင်ပြေနိုင်ပါတယ်” ဟု ရန်ကုန်တိုင်း အယ်ဒီတာချုပ် D-မင်း က ဆိုသည်။

ထို့ပြင် ဆက်သွယ်ရန်ခက်ခဲသည့် ဒေသများမှ သတင်းအချက်လက်များကို ရနိုင်ပါက မီဒီယာများ အတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်း ပို့ဆောင်ရေး ဂျာနယ်မှ အယ်ဒီတာချုပ် မောင်ကြင်နာ က “သတင်း ဝယ်သုံးတယ်ဆိုတာ မျိုးကို ရိုက်တာတို့၊ အေပီတို့တောင် လုပ်နေရတာပါ။ လားရှိုးတို့ ၊ မြိတ် တို့လို အရမ်း အလှမ်းကွာဝေးတဲ့ နေရာတွေက သတင်းတွေလိုမျိုး သတင်းနှင့်စာ နယ်ဇင်း က ရောင်းပေးမယ်ဆိုရင် အများကြီး အထောက်အပံ့ ဖြစ်နိုင်ပါတယ်” ဟု ကြိုဆိုလိုက်သည်။

မဇ္ဈိမ

2 comments:

  1. rfa တို့  the voice daily တို့ ကရယ်၇တယ်နော် အစိုး၇စီကသတင်းဝယ်ရမယ်ဆိုတော့ နည်းနည်းမျက်နာပျက် သွားတယ်ေိေိ..

    ReplyDelete