Thursday, April 25, 2013

ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ထောက်ခံပါကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား

ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ထောက်ခံပါကြောင်း အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေး ရာတွင် ပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
"အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုက မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ နားလည်ပါတယ်။ ဒါတွေကို ဖြေရှင်းနေတဲ့ မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံ ကိုလည်း ထောက်ခံ တယ်ဆိုပြီး သမ္မတကြီးကို ပြောခဲ့ပါတယ်" ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားသည်။
အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်များတွင် လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ထို့ပြင် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ်၊ လူ့စွမ်းရည် မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ တို့ကို မြန်မာနိုင်ငံနှင့် ချုပ်ဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ သမ္မတက မိမိအနေဖြင့် ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ရောက်ရှိ ခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် လာရောက်ချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး ကဏ္ဍ၊ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေး ကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍများတွင် ထင်ရှား သည့် အောင်မြင်မှုများကို တွေ့ရှိရသဖြင့် များစွာ ချီးကျုးဂုဏ်ပြုပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံအားပေးသကဲ့သို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ အစိုးရ ပိုင်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံရန် အတွက် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကိုလည်း လာမည့်နှစ် တွင် ဒေါ်လာ သန်း ၁၀၀၀ ထိ ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေး ရာတွင် ပြောကြား ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက် တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် မွတ်စလင်များအား ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက်မှုများကို မြန်မာ အစိုးရ ခေါင်းဆောင်များက ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတ ဆူစီလိုယူဒိုယိုနိုက မြန်မာနိုင်ငံသို့ မလာရောက်မီ သတင်းထောက်များအား  ပြောကြားသည်။
ထို့ပြင် အဆိုပါ ပဋိပက္ခသည် ဒေသတွင်းရှိ အခြားသောမွတ်စလင်များအတွက်လည်း ပြဿနာ ဖစ်စေနိုင်ကြောင်း ၊ အဆိုပါ ပဋိပက္ခကို အကောင်းဆုံး ကိုင်တွယ် မဖြေရှင်းနိုင်ပါက ၎င်း၏ အကျိုးသက်ရောက်မှုသည် မြန်မာနိုင်ငံအတွက် မကောင်းရုံသာမက မွတ်စလင်အများစုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ အတွက်လည်းမကောင်းကြောင်း အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနို က ပြောကြား သည်။
From...Eleven

No comments:

Post a Comment