Wednesday, April 3, 2013

လူပျောက်တိုင်ခံထားရသူ ဦးရဲမင်းဦးကို ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရုံးထုတ်မည်


ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် လူပျောက်အဖြစ် တိုင်ကြားထားသည့် ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ်မှ ဦးရဲမင်းဦးကို ဧပြီလ ၄ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် ရုံးထုတ် မည်ဖြစ်ကြောင်း ၄င်း၏အစ်ကိုဖြစ်သူ ဦးခင်မောင်လင်းက The Voice သို့ အတည်ပြုပြောကြား သည်။

၎င်းကိုလည်း ဧပြီလ ၁ ရက် နေ့ ည ၁၁ နာရီတွင် ဗဟန်းရဲစခန်းက လာရောက်ခေါ်ယူခဲ့ပြီး ငါးနာရီကြာ စစ်ဆေးခဲ့ကြောင်း ဦးခင်မောင် လင်းက ရှင်းပြသည်။

"ရဲစခန်းက ဆရာတော်ဦးဝီရသူနဲ့ ၉၆၉ ကိစ္စ ခေါ်စစ်တယ်။ ရဲမင်းဦးရဲ့ လက်ပ်တော့နဲ့ ဟန်းဖုန်းကို သိမ်းသွား တယ်။ ၉၆၉ နဲ့ ပတ်သက်တယ် လို့ ယူဆရတယ်" ဟု ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗဟန်း မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ "ကျွန်တော်တို့ ဖြေကြား ခွင့်မရှိဘူး။ ကာယကံရှင် မိသားစုကိုသာ မေးပါ" ဟု တာဝန်ကျ ဒုရဲအုပ်က ဖြေကြားသည်။

မတ်လ၂၅ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် အမည်မသိသူ နှစ်ဦးက ဗဟန်းမြို့နယ် ဦးသာသနာ့ကျောင်းတိုက်တွင်ရှိနေသည့် ဦးရဲမင်းဦးကို လာရောက်ခေါ်ဆောင်သွားခြင်းကြောင့် ရခိုင် လူငယ်များ အဖွဲ့က မတ်လ ၂၆ ရက်နေ့က ဗဟန်းမြို့နယ် ရဲစခန်းတွင် ၁၃/၂၀၁၃ လူပျောက် အနေဖြင့် အမှုဖွင့်ခဲ့သည်။

"ကိုရဲမင်းဦးကို လက်ရှိအင်းစိန် အကျဉ်းထောင်မှာ ရှိတယ်လို့ ကြားထားပါတယ် " ဟု ၄င်း၏ သူငယ်ချင်းဖြစ်သူ ဦးဒီငြိမ်းလင်း က ဆိုသည်။

ရခိုင်လူမျိုးဖြစ်သူ ဦးရဲမင်းဦး ပျောက်ဆုံးနေခြင်းကို မတ်လ၂၉ရက်နေ့ က ပြည်သူ့လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် ငြိမ်းချမ်းရေးကော်မတီ၊ ရခိုင်နိုင်ငံရေး ပါတီများနှင့် ရခိုင်လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နှင့် နိုင်ငံခြားသံရုံး များသို့ အသိပေးစာများကို ရခိုင်လူငယ်များအဖွဲ့ (AYO) က ပေးပို့ ထားသည်။

The Voice Weekly

No comments:

Post a Comment