ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာယူကာ အနာဂတ် တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) နံနက် ၇ နာရီက နိုင်ငံတော်သမ္မတက ပြည်သူလူထုသို့ ပြောကြားသော အတာသင်္ကြန် နှစ်သစ်ကူး မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒီမိုကရေစီ တည်ဆောက်ရေး နှစ်နှစ်ကျော်ကြာ ကာလအတွင်း မျှော်မှန်းမထားသည့် အောင်မြင်မှုများကို တက်လှမ်းနိုင်ခဲ့ သလို မျှော်လင့် မထားသည့် ၀မ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း . . . . .
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ယခုကဲ့သို့ နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အညစ်အကြေး များကို ဆေးကြော သန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ယခင်နှစ်က လူမှုရေး အထင်အမြင် လွဲမှားမှု ဖြစ်စဉ်များမှတစ်ဆင့် ပေါ်ပေါက်ခဲ့သည့် စိတ်ဝမ်းကွဲပြားမှုများ၊ ပဋိပက္ခ ဖြစ်မှု များနှင့် မတည်ငြိမ်မှုများကို အတာရေနှင့် ဆေးကြောသန့်စင်ပြီး မင်္ဂလာရှိသည့် ကိစ္စရပ်များ ပျော်ရွှင်ဖွယ်ကိစ္စရပ်များ တည်ငြိမ်အေးချမ်းရေးကို ဦးတည်သည့်ကိစ္စရပ်များနှင့် ပြည့်လွှမ်းနေသည့် မြန်မာနိုင်ငံအဖြစ် မြင်တွေ့လိုကြောင်း လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "မိမိတို့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်မယ်ဆိုရင်လည်း ပိုမိုပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နေတာ ဖြစ်သည့်အတွက် ရှေ့မှာကြုံတွေ့ရမယ့် အခက်အခဲ အကြပ်အတည်းနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားတဲ့ အခါမှာ အမျိုးသား စည်းလုံးညီညွတ်မှုကို အခြေခံတဲ့ စာနာမှုများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှုများနဲ့ ပိုမိုကောင်းမွန်အောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်" ဟု ဆက်လက်ပြောသည်။
"ဒီမိုကရေစီ တည်ဆောက်ရေး နှစ်နှစ်ကျော်ကြာ ကာလအတွင်း မျှော်မှန်းမထားသည့် အောင်မြင်မှုများကို တက်လှမ်းနိုင် ခဲ့သလို မျှော်လင့်မထားသည့် ၀မ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း၊ ဒီမိုကရေစီ ခရီးရှည်ကြီး တွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာယူကာ အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားဖို့ ပြင်ဆင်ထားရမှာ ဖြစ်သည်" ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ မိန့်ခွန်း နိဂုံးချုပ်တွင် ပြီးခဲ့သည့် နှစ်ဟောင်းက ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများအပေါ် လူမျိုးရေး၊ ဘာသာရေး ပုံဖော်လိုသည့် ပြည်တွင်းပြည်ပမှ အကြမ်းဖက် လုပ်ရပ်များကိုလည်း သင်္ကြန်ကာလအတွင်း သတိထား ကာကွယ်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး နှစ်သစ်ကူး သင်္ကြန်ကာလတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ရှိကြစေဖို့ ဆုတောင်းပေးခဲ့သည်။
နိုင်ငံတော်သမ္မတသည် ယခုကဲ့သို့ ရေဒီယိုမှတစ်ဆင့် ပြည်သူလူထုသို့ ဇန်န၀ါရီလ ၁ ရက်၊ ဖေဖော်ဝါရီလ ၁ ရက်၊ မတ်လ ၁ ရက်နှင့် မတ်လ ၃၁ ရက်နေ့တို့၌လည်း မိန့်ခွန်းများ ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်နေသည့်အတွက် အမေရိကန် အပါအ၀င် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းခဲ့သည်။
Eleven Media Group
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့ ဧပြီလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်မြက်ခင်းပြင်၌ ကျင်းပသည့် ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော်၌ ပါဝင်ဆင်နွှဲနေစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
No comments:
Post a Comment