Monday, April 22, 2013

မိတ္ထီလာ ပဋိပက္ခကြောင့် ခေတ္တပိတ်ခဲ့သည့် တက္ကသိုလ်များ မေလဆန်း၌ ပြန်ဖွင့်မည်ဖြစ်ပြီး ရပ်နားထားသော တက္ကသိုလ် စာမေးပွဲများကို ပြန်လည်စစ်ဆေးမည်

4.21.2
နည်းပညာ တက္ကသိုလ် (မိတ္ထီလာ) အား ဧပြီလ ၁၉ ရက်က တွေ့ရစဉ်
မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များကြောင့် မိတ္ထီလာမြို့ရှိ တက္ကသိုလ်များကို မတ်လ ၂၂ ရက်တွင် စတင်ပိတ်ထားခဲ့ရာမှ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မိတ္ထီလာ နည်းပညာတက္ကသိုလ်၊ မိတ္ထီလာ ကွန်ပျူတာ တက္ကသိုလ်တို့ကို ယခု မေလဆန်းပိုင်း၌ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် အဆိုပါတက္ကသိုလ်များ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်းအသီးသီးကိုလည်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းများ၏ ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် စစ်ဆေးမည့် ပထမနှစ်ဝက် စာမေးပွဲများကိုလည်း ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့မှ မေလ ၁၇ ရက်အထိ ပြန်လည်စစ်ဆေးမည် ဖြစ်သည်။
မိတ္ထီလာ နည်းပညာတက္ကသိုလ် စာမေးပွဲကို မတ်လ ၂၁ ရက်မှ ဧပြီလ ၅ ရက်အထိ၊ မိတ္ထီလာ ကွန်ပျူတာ တက္ကသိုလ် စာမေးပွဲကို မတ်လ ၂၅ ရက်မှ ဧပြီလ ၃ ရက်အထိ၊ မိတ္ထီလာမြို့ ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသတက္ကသိုလ်ရှိ စာမေးပွဲကို မတ်လ ၂၈ ရက်မှ ဧပြီလ ၈ ရက် အထိ စစ်ဆေးရန် စာမေးပွဲ အချိန်စာရင်းများ ထွက်ရှိခဲ့သည်။
သို့သော် အဆိုပါ ရက်ပိုင်းအတွင်းမှာပင် မိတ္ထီလာမြို့၌ ပဋိပက္ခအသွင် ရုန်းရင်းဆန်ခတ် မှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် စာမေးပွဲ စစ်ဆေးမှုများကို ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက "မိတ္ထီလာမြို့နယ်မှာ ရှိတဲ့ တက္ကသိုလ်တွေမှာ ဖွင့်လှစ်နေတဲ့ သင်တန်း အသီးသီးကို မေလ ၂ ရက်မှာ ပြန်ဖွင့်လှစ်ပေးသွားမှာပါ။ စာမေးပွဲ စစ်ဆေးဖို့ အတွက် နောက်ဆုတ်ခဲ့ရတဲ့ ပထမနှစ်ဝက် စာမေးပွဲတွေကိုလည်း မေလ ၆ ရက်ကနေ ၁၇ ရက်အထိ အစားထိုး ပြန်လည်စစ်ဆေးမှာပါ" ဟု ပြောသည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ မိတ္ထီလာရှိ နည်းပညာ တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၄၉၆ ဦး၊ ကွန်ပျူတာ တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ ၃၇၈ ဦး၊ မြန်မာ့နိုင်ငံ လေကြောင်းနှင့် အာကာသ တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူ ၆၁၄ ဦး၊ နည်းပညာ အစိုးရ အထက်တန်းကျောင်း ၌ ကျောင်းသား၊ ကျောင်းသူ ၁၃၆ ဦး ပညာသင်ကြားနေသည်။
From...Eleven

No comments:

Post a Comment