Monday, April 8, 2013

ထိုင်းနိုင်ငံသည် ဒေသတွင်း၌ အကြမ်းဖက် တိုက်ခိုက်ခံရမှု အများဆုံး ဖြစ်နိုင်သော နိုင်ငံဟု အမေရိကန် (FBI) ဖော်ပြခဲ့ခြင်းအား ထိုင်းကြည်းတပ် ဦးစီးချုပ်က ပယ်ချခဲ့ခြင်း

ထိုင်းနိုင်ငံသည် အာရှ၌ အကြမ်းဖက် တိုက်ခိုက်ခံရမှု အများဆုံး ဖြစ်နိုင်သော နေရာ ဖြစ်ကြောင်း အမေရိကန် ဗဟိုစုံစမ်း စစ်ဆေးရေး ဗျူရို (FBI)က စာရင်းသွင်း ထားခြင်းကို ထိုင်းကြည်းတပ် ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန် အိုချာက ပယ်ဖျက် ခဲ့ပါသည်။

မိမိ အနေဖြင့် ဘန်ကောက်ရှိ အမေရိကန် စစ်သံရုံးသို့ ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံအား မှားယွင်စွာ (FBI) က စာရင်းသွင်းခဲ့မှု အတွက် သံမှူးက ပြန်လည် တောင်းပန် ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ပရာရွတ်က ပြောကြားခဲ့ပါသည်။ အထူးစုံစမ်း စစ်ဆေးရေး ဌာန (DSI) အကြီးအကဲ တာရစ်ပန်ဒစ်က(FBI) ၏ အကြမ်းဖက် တိုက်ခိုက်မှု ခံရနိုင်ဖွယ် ရှိသည့် စာရင်းအား ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ဖြစ်နိုင်ဖွယ်ရာ အကြမ်းဖက် တိုက်ခိုက်မှု အတွက် ဒေသတွင်း၌ ဦးစားပေး ပစ်မှတ်ဖြစ် နေသည်ဟု(FBI)က သတိပေး ထားကြောင်း တာရစ်က ပြောကြား ခဲ့ပါသည်။ အမေရိကန်နှင့် ဗြိတိန် နိုင်ငံတို့မှ သုတေသန ပြုလုပ်ချက် များအရ ထိုင်းနိုင်ငံသည် အကြမ်းဖက် တိုက်ခိုက်မှု အတွက် ဖြစ်နိုင်ဖွယ်ရာ ပစ်မှတ်အဆင့် ၅တွင် ရှိနေကြောင်းလည်း တာရစ်က ထပ်လောင်း ပြောကြား ခဲ့ပါသည်။(FBI)၏ ထိုင်းနိုင်ငံအပေါ် သတ်မှတ်ချက်သည် မှားယွင်း နေကြောင်းနှင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာရွတ်က ပြောကြား ခဲ့ပါသည်။

သုတေသန ဆောင်ရွက်ချက်များသည် တောင်ပိုင်းပြည်နယ် ၃ ခုတွင် ဖြစ်ပေါ်နေသော အကြမ်းဖက် မှုများနှင့် သေဆုံးမှု အရေအတွက်တို့ အပေါ် အခြေခံကာ ပြုလုပ်ထားခြင်း ဖြစ်ကြောင်းလည်း ပရာရွတ်က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် အကြမ်းဖက် မှုများသည် နေ့စဉ်ဖြစ်ပေါ် နေခြင်း၊ သို့မဟုတ် တောင်ပိုင်း ဒေသရှိ ခရိုင်အားလုံး တွင်ပေါ်ပေါက်နေခြင်း မရှိကြောင်း ပရာရွတ် က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းနှင့် ခရီးသွား လုပ်ငန်းအား ထိခိုက်စေနိုင်သော နားလည်မှု လွဲမှားခြင်းအား တားဆီးပြင်ဆင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာရွတ် က ပြောကြား ခဲ့ပါသည်။ (FBI) ၏ အစီရင် ခံစာနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေး ဌာန ညွှန်ကြားရေး မှူးချုပ် မနာဆဝီ ဆရီဆို ဒါပိုကလည်း ပယ်ချမှု ပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။
မြ၀တီ

No comments:

Post a Comment