Monday, April 22, 2013

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို ဆက်လက် ကူညီမည်ဟု G-8 ပြောကြား

ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများအဖွဲ့ (G-8) က မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်း လဲ ရေးများကို ဆက်လက်ကူညီမည်ဟု အဆိုပါနိုင်ငံ များမှ နိုင်ငံခြားရေး ဝန်ကြီးများက လန်ဒန်မြို့ တွင် တွေ့ဆုံဆွေးနွေးအပြီး ပြောကြားခဲ့သည်။ G-8 နိုင်ငံခြားရေး ဝန်ကြီးများသည် လန်ဒန်မြို့တွင် ဧပြီလ ၁၀ ရက်နှင့် ၁၁ ရက်များတွင် တွေ့ဆုံခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် ကမ္ဘာ့ငြိမ်းချမ်းရေး ၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့ကို ခြိမ်းခြောက်နေသည့် နိုင်ငံတကာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍လည်း ထည့် သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်မှုတွင် တိုးတက်မှုအချို့ ရှိသည့်အတွက်လည်း ကြိုဆိုပါကြောင်း၊ ကချင်နှင့် ရခိုင်အရေး ကြိုးစားဖြေရှင်းရာတွင် အစိုးရနှင့် သက်ဆိုင်သူများ အားလုံးက တိုးတက်မှုများ ရှိလာစေရေး တိုက်တွန်းအားပေးပါကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ သိသာထင်ရှားသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတို့ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုကို ကျေနပ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်ကူညီမည် ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် အရေးကြီးပြဿနာများကို ဖြေရှင်းရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကူညီသွား မည် ဖြစ်ကြောင်း ၊ မြန်မာပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတကာ အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအဖွဲ့ (G-8) တွင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ရုရှား၊ ယူကေနှင့် အမေရိကန်တို့ ပါဝင်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် တွင် ဖော်ပြထားပါသည်။ 
From...ခေတ်လူငယ်

No comments:

Post a Comment