Tuesday, May 28, 2013

မိုးပျံရထား စီမံကိန်း အပါအ၀င် မြို့တွင်း သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်ရန် သမ္မတခွင့်ပြု

မိုးပျံရထားစီမံကိန်းအပါအ၀င် မြို့တွင်းသယ်ယူပို့ဆောင်ရေးအဆင့်မြှင့်ရန် သမ္မတခွင့်ပြု

 

 

 

ရန်ကုန်မြို့၏ သယ်ယူ ပို့ဆောင်ရေး အတွက် မိုးပျံရထား စီမံကိန်း အပါအ၀င် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ အားလုံးကို အဆင့်မြှင့် တင်တိုးချဲ့ရန် နိုင်ငံတော် သမ္မတက ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ “ကျွန်တော်တို့ ရန်ကုန်မြို့ သယ်ယူ ပို့ဆောင်ရေး အတွက် သမ္မတဆီကို အချက် ၁၀ ချက်တင်ပြတာ သဘောတူညီ လိုက်ပါပြီ။ စီမံကိန်းကို ရေတိုရေရှည် နှစ်မျိုး ဆောင်ရွက် သွားမှာပါ” ဟု အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အဖွဲ့ဝင်ဦးခင်မောင်ဌေးက မေ ၂၇ ရက်တွင်ပြောသည်။


ယင်းစီမံကိန်း များတွင် အဓိက အနေဖြင့် မိုးပျံရထား စီမံကိန်း၊ ဒုတိယ စီးပွားရေး အချက်အချာ နယ်မြေများ တိုးချဲ့ခြင်း၊ ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းတို့တွင် ဘတ်စ်ကားများကို တစ်လမ်းမောင်း ယာဉ်ကြော စနစ်ဖြင့် မောင်းနှင်ခြင်း၊ ကမ်းနားလမ်းနှင့် ဘုရင့်နောင် လမ်းတို့တွင် ယာဉ်ကြောပိတ်ဆို့ နေခြင်းကို ဖြေရှင်းရန် အ၀င်တစ်လမ်း၊ အထွက်တစ်လမ်း ပုံစံဖြင့် ပြောင်းလဲခြင်း၊ မြို့တွင်းမြို့ပြင် မြို့ပတ်လမ်းများ ဖောက်လုပ်ခြင်း၊ လိုအပ်သည့် နေရာများတွင် ခုံးကျော် တံတားများ တည်ဆောက်ခြင်း၊ အစိုးရနှင့် ညှိနှိုင်း၍ မြေနေရာ ကျယ်ကြီးများတွင် အခြေခံ အဆောက်အအုံကြီးများ တိုးချဲ့တည်ဆောက်ခြင်း၊ မြို့ပတ် ရထားစနစ်ကို အဆင့်မြင့် တင်ခြင်း၊ ဆိပ်ကမ်း၊ ဆိပ်ခံတံ တားများ ပြုပြင်ခြင်း၊ ရေကြောင်း သွားလာရေးတွင် ရေယာဉ်သစ်များဝယ်ယူပြေးဆွဲခြင်းတို့ လုပ်ဆောင် သွားရန် ခွင့်ပြုမိန့်ရရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ ထုတ်ပြန်သည်။

အဆိုပါ စီမံကိန်းများ အတွက် အရင်း အနှီးများစွာ လိုအပ်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဟု သိရသည်။ လက်ရှိတွင် ရေတိုစီမံကိန်းများဖြစ်သည့် ဘတ်စ်ကားကွန်ရက် တိုးချဲ့အဆင့်မြှင့်တင်ရေးအတွက် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးမှု အချို့လည်းရှိနေကြောင်းသိရသည်။ “ရင်းနှီးမြှုပ်နှုံမှုတွေက ၁၀၀ ရာခိုင်နှုန်း ရင်းနှီးချင်လည်းရတယ်။ ဒါမှမဟုတ် ဒီအဖွဲ့နဲ့ပူးပေါင်းပြီး အကျိုးတူလုပ်ချင်လည်းရတယ်” ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြ၍ မကြာမီပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့ကို နိုင်ငံတော်သမ္မတက ယခုနှစ် မေလ ၁၄ ရက်တွင် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ အငြိမ်းစားအရာရှိများနှင့် ပညာရှင်များအပါအ၀င် ၁၀ ဦးဖြင့် တရားဝင်ဖွဲ့စည်း လုပ်ပိုင်ခွင့်ပေးအပ် ခဲ့သည်။ မိုးပျံ ရထားစီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ ရန်ကုန်မြို့မြေအသုံးချမှုနှင့် လူဦးရေအတွက် တိကျသည့်စစ်တမ်းများနှင့် မူဝါဒများချမှတ်ပြီးမှသာ လုပ်ဆောင်ရန် နေရာရွေးချယ် မှုများ ပြုလုပ်ရန် သင့်တော်ကြောင်း မြို့ပြ နှင့် ဗိသုကာပညာရှင် ဦးဝင်းမြင့်က အကြံပြုပြောကြားသည်။ 

7day News

No comments:

Post a Comment