Thursday, June 20, 2013

ရွှေဂုံတိုင် ခုံးကျော်တံတားကို နိုဝင်ဘာနှင့် ဘုရင့်နောင် ခုံးကျော်တံတားကို ဒီဇင်ဘာအတွင်း အပြီးတည်ဆောက် သွားမည်

shwegontain-june20
ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်အား ဇွန် ၁၈ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် ရွှေဂုံတိုင် ခုံးကျော်တံတားကို နိုဝင်ဘာနှင့်
ဘုရင့်နောင် ဂုံးကျော်တံတားကို ဒီဇင်ဘာအတွင်း အပြီးတည်ဆောက်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
အဆိုပါ ခုံးကျော်တံတားများဖြစ်သည့် ရွှေဂုံတိုင်နှင့် ဘုရင့်နောင်တံတား စီမံကိန်းတွင် ကုန်ကျမှု များကို ပြည်ထောင်စုအဆင့်မှ ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိနေကြောင်း မြို့တော်ဝန်ထံမှ သိရှိရ သည်။
ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရာတွင် ကျပ် ၁၇ ဘီလီယံနှင့် ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရာတွင် ကျပ် ၂၆ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
အဆိုပါ ခုံးကျော်တံတားများ တည်ဆောက်မှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က "အခု ဒီတံတားတွေ ပြီးစီးဖို့ နောက်ဆုံးအနေနဲ့ ခန့်မှန်းထားတာတော့ ယခုနှစ်ရဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း ဖြစ်တယ်။ ဘုရင့်နောင် ခုံးကျော် တံတားကတော့ သတ်မှတ်ထားတဲ့အတိုင်း အဆင့်ဆင့် ပြီးစီးအောင် ဆောင်ရွက်နိုင်တယ်။ ရွှေဂုံတိုင် ခုံးကျော်တံတားကတော့ တည်ဆောက်တဲ့ အခါမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်။ အဓိကကတော့ တည်ဆောက်တဲ့အခါမှာ အသုံးပြုတဲ့ စက်ယန္တရားကြီးတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ ထားဖို့နေရာ အခက်အခဲနဲ့၊ ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အအုံတွေနဲ့ ငြိစွန်းနေတဲ့အတွက် ခဏခဏပြန်ပြီး ဒီဇိုင်းဆွဲနေရတာကြောင့် ဖြစ်တယ်" ဟု ပြောကြားသည်။
သက်ဆိုင်ရာမှ ခုံးကျော်တံတားများ တည်ဆောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ယာဉ်ပိတ်ဆို့ မှုများ လျော့ကျစေရန် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခုံးကျော်တံတားများ တစ်ပြိုင် နက်တည်း ဆောက်နေခြင်းနှင့် ကြန့်ကြာနေမှုများကြောင့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများက အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း အငှားယာဉ်ဖြင့် စီးပွားရှာနေသည့် ကိုမင်းနိုင်က "တံတားတွေ မပြီးသေးတဲ့အတွက် တံတားမဆောက်ခင်ကထက် လမ်းတွေပိုပြီးတော့ ပိတ်ဆို့ပါတယ်။ ယာဉ်မောင်းအများစု ဆိုရင် ရွှေဂုံတိုင် မီးပွိုင့်ကို ဖြတ်ပြီးတော့ သွားရမယ့်ခရီးမျိုးတွေဆိုရင် မလိုက်ချင်ကြတော့ဘူး။ အချို့ရက်တွေ ဆိုရင် ရွှေဂုံတိုင်မီးပွိုင့်မှာ နာရီဝက်လောက် စောင့်ရတဲ့နေ့တွေ ရှိပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။
အလားတူ ကြည့်မြင်တိုင်မြို့နယ်မှ တာမွေမြို့နယ်သို့ နေ့စဉ်လိုင်းကားစီး၍ အလုပ်ဆင်းနေသူ ကိုလတ်က "ရုံးဆင်းရုံးတက် အချိန်ဆိုရင် ကားပေါ်မှာ ခရီးသည်တွေက အများကြီးပါလို့ ကျပ်ကျပ်တည်းတည်း ထိုင်နေရတဲ့အပြင် ကားတွေပိတ်လို့ အကြာကြီး စောင့်ရတဲ့ဒုက္ခက နှစ်ပေါက်နေပါပြီ" ဟု သုံးသပ်ပြောကြား ခဲ့သည်။
ခုံးကျော်တံတားများကို မိုးရာသီ မတိုင်မီ ရာခိုင်နှုန်း အများစု ပြီးစီးရန် သတ်မှတ်ခဲ့သော်လည်း လက်တွေ့ တွင် သတ်မှတ်ထားသည့် ရာခိုင်နှုန်းအတိုင်း ပြီးစီးမှု မရှိခဲ့ကြောင်း သိရှိရသည်။

From..EMG

No comments:

Post a Comment