Tuesday, June 18, 2013

မလေးရှား၌ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတစ်ဦး အပါအ၀င် မြန်မာအလုပ်သမား ၂၅ ဦး ထပ်မံရောက်ရှိလာ

6.17.11
မလေးရှား၌ အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရရှိသူ ကိုထွန်းမော်သိန်း ပြန်လည်ရောက်ရှိလာစဉ်
အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် မလေးရှားနိုင်ငံ ဆလာရန်းဒေသမှ ဒဏ်ရာရရှိသူ တစ်ဦး
အပါအ၀င် မြန်မာအလုပ်သမား ၂၅ ဦး ဇွန် ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ ခန့်တွင် MAI လေကြောင်း လိုင်းဖြင့် ထပ်မံရောက်ရှိ လာကြောင်း သိရသည်။
အကြမ်းဖက် တိုက်ခံရမှုကြောင့် ပြန်လည်ရောက်ရှိ လာသူများအနက် ဒဏ်ရာရရှိသူ တစ်ဦးကို ၀ိတိုရိယဆေးရုံသို့ တက်ရောက် ကုသမှု ခံယူစေကြောင်း သိရသည်။
အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသူ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ဘိုကုန်းကျေးရွာနေ ကိုထွန်းမော်သိန်းက ''ကျွန်တော်က မလေးရှားနိုင်ငံ ဆလာရန်း ဒေသမှာနေပြီး အဲဒီဒေသရဲ့ စူပါမားကက် တစ်ခုမှာ အလုပ်လုပ်နေတာပါ။ အဲဒီနေ့က မလေးရှားနာရီနဲ့ ၁၀ နာရီလောက်မှာ အလုပ်က တစ်ယောက် တည်း ပြန်လာတော့ လမ်းမှာ လူသုံးယောက်က ကျွန်တော့်ကို ချုပ်ပြီး ဓားနဲ့ဝိုင်းထိုးမယ် လည်းလုပ်တော့ ကျွန်တော့်ကို ချမ်းသာပေးပါလို့ ပြောတယ်။ ပြောပေမယ့်လည်း တစ်ယောက်က အသေသာသတ်လို့ ဗမာစကားနဲ့ ပြောတယ်။ အဲဒီနောက် ကျွန်တော့်ကို ဓားနဲ့ ထိုးကြတာပါပဲ'' ဟု ဇွန် ၁၇ ရက် ညနေပိုင်းက ၀ိတိုရိယ ဆေးရုံတွင် ပြောကြားသည်။
အဆိုပါ ဓားထိုးခံရသည့် ကိုထွန်းမော်သိန်းမှာ ၀မ်းဗိုက်ဘေး၊ ကျောနောက်ဘက်တို့တွင် ဓားထိုးဒဏ်ရာ တစ်ချက်စီ၊ လက်မောင်း၊ လက်ဖ၀ါးတို့တွင် ဓားဒဏ်ရာများ ရရှိခဲ့သော်လည်း ယခုအခါ အသက်အန္တရာယ် စိုးရိမ်ရခြင်း မရှိတော့ကြောင်း၊ တစ်ပတ်အတွင်း ဆေးရုံမှ ဆင်းနိုင်လိမ့်မည် ဖြစ်ကြောင်း ၀ိတိုရိယဆေးရုံမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဒေါက်တာကျော်ဇင်ဝင်းက ပြောကြားသည်။
''အခုပြန်လာတဲ့ သူတွေထဲမှာ အထောက်အထား၊ စာရွက်စာတမ်း မရှိတဲ့သူတွေ ပါတယ်။ တချို့ကျတော့ သက်တမ်းမတိုးနိုင်တဲ့ သူတွေရှိတယ်။ သူတို့အတွက် အထောက်အထားရအောင် လုပ်ပေး တယ်။ ပြီးတော့မှ မလေးရှား လူဝင်မှု ကြီးကြပ်ရေးမှာ လုပ်စရာ ရှိတာတွေ လုပ်ပေးခဲ့တယ်။ အကြောင်း အရင်း မသိဘဲ သေသွားတဲ့ သူတွေကိုလည်း အကြမ်းဖက်မှုကြောင့် သေတဲ့စာရင်းထဲကို သွားထည့်တာ လည်း ရှိတယ်။ အကြမ်းဖက်မှုကြောင့် သေတဲ့သူတွေလည်း ရှိတယ်'' ဟု ဧရာဝတီ ဖောင်ဒေးရှင်း ၏ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ ဦးအောင်မျိုးစောက ပြောကြားသည်။
အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ဆလာရန်း ဒေသည် မှုခင်းများ အမှန်တကယ် ဖြစ်ပွား သည့် ဒေသဖြစ်ပြီး မြန်မာနိုင်ငံမှ မွတ်ဆလင် ကိုးကွယ်သည့် သူများနှင့် အခြားနိုင်ငံမှ လူမျိုး၊ ဘာသာခြား များလည်း အခြေချ နေထိုင်ကြကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
''ကျွန်တော်က မလေးရှားနိုင်ငံ ဆလာရန်းဒေသက လာတာပါ။ အော်ပရာဆီတုန်းက မလေးရှားရဲတွေက အတင်းအကျပ် လိုက်ဖမ်းလို့ ထွက်ပြေးခဲ့ရတယ်။ ဘင်္ဂလားရယ်၊ နီပေါရယ်၊ မြန်မာရယ် သုံးယောက် သွားတာ မြန်မာပဲ မလေးရဲက ရွေးဖမ်းတာ။ ဓားခုတ်မှုတွေ ဖြစ်တုန်းကလည်း ခုတ်တဲ့သူတွေက အလုပ် ထဲထိ ၀င်ခုတ်တာပါ။ ကြောက်တာပေါ့။ ကိုယ့်နိုင်ငံလည်း မဟုတ်တော့ ထွက်ပြေးရတာပါပဲ။ ၀ိုင်းခုတ်တဲ့ သူတွေက မြန်မာနိုင်ငံက ဘာသာခြားတွေပါပဲ။ အဲဒီကနေ ကပုန်းဘုန်းကြီးကျောင်းကို ထွက်ပြေးခဲ့တယ်။ အဲဒီမှာ ရက် ၂၀ လောက်နေပြီးမှ မြန်မာပြည်ကို ပြန်လာခွင့် ရခဲ့တယ်'' ဟု မလေးရှားနိုင်ငံ မှ ပြန် လည်ရောက်ရှိသူ မန္တလေးတိုင်း ဒေသကြီးမှ ကိုအောင်ကိုလတ်က ပြောကြားသည်။
အဆိုပါ ၂၅ ဦးအနက် ၁၆ ဦးမှာ တရားမ၀င် နေထိုင် အလုပ်လုပ်ကိုင်သူများ (Over Stay) ဖြစ်ပြီး ကျန်ကိုးဦးမှာ တရားဝင် နေထိုင်လုပ်ကိုင် နေသူများ ဖြစ်ကြောင်း၊ ၎င်းတို့ တတ်ကျွမ်းသော အသက်မွေးဝမ်းကျောင်း ပညာရပ်အလိုက် Max Myanmar Group of Companies ၏ လိုအပ်ချက်အပေါ် မူတည်ပြီး အလုပ်နေရာများကို ဦးစားပေး ခန့်အပ်သွားမည် ဖြစ်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်းမှ သိရသည်။
ဇွန် ၁၅ ရက်ကလည်း မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား ၁၆၇ ဦးသည် မလေးရှားနိုင်ငံမှ အကြမ်း ဖက် ဖြစ်စဉ်များကြောင့် ပြည်တွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး အသက်အန္တရယ် စိုးရိမ်ရ၍ ပြန် လာရခြင်း ဖြစ်ကြောင်း အလုပ်သမား အများစုက ပြောကြသည်။ ထို့ပြင် မလေးရှားနိုင်ငံ မှ နေရပ်ပြန် လိုသော မြန်မာနိုင်ငံသားများ အတွက် ဧရာဝတီ ဖောင်ဒေးရှင်းသည် လေယာဉ် လက်မှတ် အစောင် ၁၀၀၀ လှူဒါန်းထားကြောင်း သိရသည်။
From...EMG

No comments:

Post a Comment