Tuesday, June 25, 2013

သာယာဝတီ ကျွဲသတ်အင်းရွာတွင် တစ်နှစ်အမျိုးသမီးတစ်ဦးပျောက်

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သာယာဝတီမြို့နယ် အင်းရွာကျေးရွာအုပ်စု ကျွဲသတ်အင်း ကျေးရွာတွင် သုံးနှစ်ဆက်တိုက် အမျိုးသမီးများ ပျောက်ဆုံးမှု ဖြစ်ပေါ်နေကြောင်း အဆိုပါ ကျေးရွာနေ ထိုင်သူများ က ပြောကြားသည်။

ပျောက်ဆုံးနေသော အမျိုးသမီးများ မှာ အသက်၂၃ နှစ် အရွယ်မှ ၃၅ နှစ် ကရင် တိုင်းရင်းသူများ ဖြစ်ပြီး မည်ကဲ့သို့ ပျောက်ဆုံးရသည်ကို မသိရကြောင်း ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၃ အထိ တစ်နှစ်လျှင် တစ်ဦး ကျ ပျောက်ဆုံးနေသဖြင့် ဒေသခံများ စိုးရိမ်လျက် ရှိကြောင်း ကျွဲသတ်အင်းကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦး က ပြောကြားသည်။

အဆိုပါ ကျေးရွာတွင်၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ဒေါ်တင်တင်အေး (၃၅) နှစ်၊ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဒေါ်သက်သက်ခိုင် (၂၈) နှစ်၊ ၂၀၁၃ ခုနှစ် မတ်လတွင် ဒေါ်နှင်းပွင့်ဖြူ (၂၃) နှစ် တို့ ပျောက်ဆုံးခဲ့ကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရသည်။

ပျောက်ဆုံးခဲ့သည့် အမျိုးသမီးများနှင့် ပတ်သက်၍ မိသားစုဝင်များက လိုက်လံ စုံစမ်းရှာဖွေခြင်း၊ လူပျောက် တိုင်ကြားခြင်းများ ပြုလုပ်ထားသော်လည်း ဆက်သွယ်မှု မရရှိကြောင်း သာယာဝတီမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

“ကျွန်တော့်ညီမက အိမ်နဲ့ စိတ်ဆိုးပြီး ထွက်သွားတာတာ။ သူက ရည်းစားလည်း မရှိဘူး။ ညနေပိုင်း မှာ ပျောက်သွားတာ။ တစ်မြို့လုံးမှာလည်း သူ့ဓာတ်ပုံနဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေ ပေးထားပြီး ရဲမှာလည်း လူပျောက် တိုင်ထားပါတယ်၊၊ ညီမလေးကို ကြိုးစားပြီး ရှာနေပါတယ်။ ဘာသတင်းမှ မရသေး ဘူး” ဟု ၂၀၁၃ ခုနှစ် မတ်လက ပျောက်ဆုံးခဲ့သည့် ဒေါ်သက်သက်ခိုင်၏ အစ်ကို တော်စပ်သူ ဦးစောဉာဏ်ထွန်းက ပြောကြားသည်။

အဆိုပါ အမျိုးသမီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မည်သည့် အတွက်ကြောင့် ပျောက်ဆုံးခြင်းကို မသိရှိ ရသေးကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဆက်လက် စုံစမ်းလျက် ရှိကြောင်း သာယာဝတီမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ညမင်းမင်းအောင် (ဥက္ကံ)
The Voice Weekly

No comments:

Post a Comment