Friday, June 14, 2013

မန္တလေးတွင် ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားသူများအား ထောင်ဒဏ် အမိန့်ချ

မန္တလေးမြို့မှ ကိုင်းတန်းညဈေး ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ခွင့်ပြုချက်မယူဘဲ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသူ ၇ ဦးကို ချမ်းအေး သာဇံ မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်သည်။
ဆန္ဒပြသူများ ဖြစ်သည့် ကိုအေးသိန်း၊ ကိုစိန်အောင်၊ ကိုဝင်းဆွေမြင့် တို့အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ စုစုပေါင်း ၁ နှစ် နှင့် ၃ လ ချ မှတ်ကြောင်း၊ ကိုညီညီကျော် (အေဘီမြောက်ပိုင်းပြန် ၊ ပဋိပက္ခ ကြိုတင် ကာကွယ်တားဆီးရေး အဖွဲ့ဝင်)နှင့် မနွယ်နွယ်ဦး၊ မနီနီအောင်၊ မသဲသဲ တို့ကို ပုဒ်မ ၁၈ အရ ထောင်ဒဏ် (၃) လ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် သြဂုတ်လက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ ၏ အစီအစဉ်ဖြင့် ကိုင်းတန်း ညဈေးအား ကမ်းနား ချော်ဆိပ် အနီးသို့ ပြောင်းရွှေ့ခိုင်းရာ ဈေးသူဈေးသားများက မကျေနပ်သည့်အ တွက် ဈေးသူဈေးသား ၁၀၀ ခန့် မြို့တော်ဝန်ရုံးသို့ ချီတက် ဆန္ဒပြကြခြင်းဖြစ်သည်။

ထိုစဉ်က အထက် ဗမာပြည် အလုပ်သမားအရေးဆောင်ရွက်သူ ကိုအေးသိန်း၊ ကိုင်းတန်းဈေး တာဝန်ခံ ကိုဝင်းဆွေမြင့်၊ ကိုညီညီ ကျော်တို့အား မြို့တော်ဝန် ဦးအောင်မောင်းက ခေါ် ယူဆွေးနွေးပြီးနောက် တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရုံးတင် တရားစွဲခဲ့ခြင်းဖြစ်ပြီး ထိုသို့ မန္တလေး ၈၄လမ်း ၊ ၂၈/၂၉/၃၀ လမ်း ကိုင်းတန်းဈေး မပြောင်းရွေ့ရေး တွင် ကူညီ ဆောင်ရွက်ခဲ့ကြသူများ ကို (၁၂-၆-၁၃)နေ့ နေ့လည်က ချမ်းအေးသာဇံတရားရုံးမှာ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ဆန္ဒပြခွင့်ပြုသော်လည်း ကြိုတင်ခွင့်တောင်းရမည်ဖြစ်ပြီး ခွင့်ပြုချက်ရယူခြင်း မရှိပါက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခွင့် ရှိသည်ဟု ပြဋ္ဌာန်းလျက် တက်ကြွလှုပ်ရှား သူများကို ထောင်ဒဏ် များ ချမှတ်နေရာ ယမန်နေ့ကလည်း ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့တွင် စစ်တပ်နှင့်

ရဲတပ်ဖွဲ့က သိမ်းဆည်းထားသည့် လယ်ယာမြေများပြန်လည်ရရှိရေး ၀င်ရောက်ကူညီသည့် မိတ္ထီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက် မှ ဒေါ်မြင်မြင့်အေး အပါအ၀င် (၃) ဦး ကို ပေါင်းတည် ထောင် တွင် ထိန်းသိမ်းကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်။

ယခင်ကလည်း လက်ပံတောင်းတောင် သံဃာတော်များ မှ သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှု ကို ဆန့်ကျင်ရှုတ်ချပွဲတွင် ဝိုင်းဝန်းကူညီခဲ့ကြသော မန္တလေး မှ ဗကသ ကော်မတီဝင်များ ကို ပုဒ်မ(၁၈)ဖြင့် တရားစွဲခဲ့ပြီး ထောင်ဒဏ်(၁)လ ချမှတ်ခဲ့သည်။ ထိုအတူ ကိုနေမျိုးဇင် အား ပုဒ်မ(၁၈)ထောင်ချခြင်း၊

မုံရွာလက်ပတောင်းတောင်အရေး လှုပ်ရှားသူ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသား(၂)ဦး အား လည်းကောင်း ၊ နိုင်ငံအဝန်း အကြမ်းဖက်မှုများ ဆန့်ကျင်ရှုပ် ချခြင်း၊ ဆုတောင်းပွဲကျင်းပခြင်း နှင့် တောင်ကြည့်ပွဲ ကျင်းပမှု တို့ကို အကြောင်းပြုပြီး မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသ) မှ ကိုနွေဦးကိုနှင့် ကိုဟိန်းဇော်ဝင်း တို့အား ပုဒ်မ(၁၈)ဖြင့် ဒဏ်ငွေ(၃၀၀၀၀)ကျပ် ချမှတ်ခဲ့ပြီး လက်ပံတောင်းတောင်ကယ်တင်ရေး ကော်မတီ မှ ဦးမြင့်အောင် ကိုမူ ထောင်ဒဏ် (၁)နှစ်ချမှတ်ခဲ့သည်။

ရန်ကုန်တွင်လည်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် အဖွဲ့ဝင်များ နှင့် ဦးဝင်းချို အပါအဝင် လယ် သမားအရေး ၊ အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသော သူများ ကို လည်း ပုဒ်မ(၁၈)ဖြင့် တရားရုံး အသီးသီးတွင် အမှုဖွင့်ထားပြီး ရန်ကုန်မှလိုင်ဇာ အထိ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ ကိုလည်း ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားပြန်သည်။

စစ်ပွဲရပ်ရေး ငြိမ်းချမ်းရေး ဆန္ဒ ဖော်ထုတ်သူများ ကို လည်း ပုဒ်မ(၁၈) ဖြင့် တရားစွဲဆိုထားသလို မနှစ်က ဖယောင်းတိုင် ထွန်းခဲ့သူများ အပါ အဝင် နိုင်ငံတဝှမ်း လှုပ်ရှားသူများ ကို ဤပုဒ်မဖြင့် တရားရုံး များတွင် အသီးသီး စွဲဆိုထားသည် တွေ့ရသည် ။

နိုင်ငံတော် အခြေခံဥပဒေ အခန်း(၈) ပုဒ်မ (၃၅၄)တွင် ပြဌာန်း ထားသော နိုင်ငံသား မူလအခွင့်အရေး များတွင် လွတ်လပ်စွာဆန္ဒ ထုတ်ဖော်ခွင့် ပါရှိသော်လည်း ထိုအခြေခံ ဥပဒေ၏ အထက်တွင် ခွင့်ပြုခြင်း / ခွင့်မပြုခြင်းကို ပုဒ်မ (၁၈) ဖြင့် လုပ်ပိုင်ခွင့်ပေး၍ မြို့နယ်ရဲတပ်ဖွဲ့မှ အရေးယူ ဆောင်ရွက်ချက်များ ဖြင့် လွမ်းမိုးနေသည်ကို တွေ့ရသည်။ 

From...Thit Htoo Lwin

No comments:

Post a Comment