Thursday, June 13, 2013

မလေးရှားမှ ပထမဆုံး ပြန်ရောက်လာသော အလုပ်သမားနှစ်ဦးနှင့် တွေ့ဆုံခြင်း

မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံရမှုကြောင့် မြန်မာအလုပ်သမား အချို့ ပြန်လာရန် စိုင်းပြင်းလျက် ရှိနေ ချိန် ဇွန်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လည်ရောက်ရှိလာသော အလုပ်သမား နှစ်ဦးနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ဆုံမေးမြန်းထားပါသည်။ ၄င်းတို့ အလုပ်ရှင်၏ စီစဉ်ပေး မှုဖြင့် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး ကာယကံရှင်များ ဆန္ဒအရ အမည်နာမ ဖော်ပြနိုင်ခြင်း မရှိပါ။

Voice : မလေးရှားနိုင်ငံ ဘယ်ဒေသတွေမှာ အလုပ် လုပ်ခဲ့ကြတာလဲ။

လုပ်သား(၁) : ကျွန်တော်ကတော့ လာဝပ်မှာ နေတာပါ။ အခုလက်ရှိ အကြမ်းဖက်မှုတွေဖြစ် နေတဲ့ ကွာလာလမ်ပူ နဲ့ သိပ်မဝေး ပါဘူး။

လုပ်သား(၂) : ကျွန်တော်ကတော့ မလက်ကာမှာ နေခဲ့တာ။ မလေးရှားမှာ အလုပ်လုပ်တာ ကတော့ ၂ နှစ်ရှိပြီ။

Voice : မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခုလက်ရှိ ကြုံတွေ့နေရတဲ့ ဒုက္ခ အခက်အခဲတွေကို ပြောပြပေးပါဦး။

လုပ်သား(၁) : ကျွန်တော်တို့နေတဲ့ အနီးတစ်ဝိုက်မှာတော့ ဆူပူမှုတွေ သိပ်မရှိပါဘူး။ ဒါပေမဲ့ လုံခြုံရေးကိုတော့ သိပ် စိတ်မချရဘူး။ ညဘက်ကျ ကျွန်တော်တို့ မြန်မာလုပ်သားတွေ အလှည့်ကျ ကင်းစောင့်ပြီးအိပ်ရတယ်။ အခု အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ ကွာလာလမ်ပူ အနီး တစ်ဝိုက်က မြန်မာ တွေ ဆိုရင် ညဘက် တံခါးသုံးထပ် ပိတ်ထားရတယ်။ တချို့နေရာတွေမှာ ညဘက်ဆိုရင် တံခါးလာ ခေါက်တယ်။ ဖွင့်မပေးရင် စပရေးဖျန်းပြီးတော့ တံခါး မဖွင့်ဖွင့်အောင်လုပ်ကြတယ်။ အငွေ့နံ့မခံနိုင်လို့ အပြင်ထွက် လာ ပြန်ရင်လည်း ဝိုင်းရိုက်ကြတယ်။ ပစ္စည်းလည်း လုကြတာမျိုးတွေ ရှိတယ်။

လုပ်သား(၂) : လုံခြုံရေးကိုတော့ အတတ်နိုင်ဆုံး သတိထားနေရတယ်။ ကျွန်တော်တို့နေတဲ့ ဘက်မှာ မဖြစ်ပေမယ့် သူငယ်ချင်းတွေဆီက အကြမ်းဖက်မှု သတင်းတွေကိုတော့ နေ့တိုင်း ကြားနေရတယ်။ တစ်လောကဆိုရင် အသတ်ခံရတဲ့သူက မလေးရှားရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ကောလာ ဟလတွေ ရှိသလို၊ တကယ် ဖြစ်နေတာတွေလည်း ရှိတယ်။ နေ့လယ်ဘက်တောင် အပြင် မထွက်ရဲကြဘူး။

Voice : မလေးရှားကနေ ပြန်လာမယ့်သူ ဘယ်လောက်ထိ ရှိလဲ။

လုပ်သား(၁) : ပြန်လာဖို့ကတော့ အများကြီးပဲ။ Overstay (ရက်လွန် နေထိုင်သူ) သမားတွေ ကတော့ ပြန်လာ ချင်ပေမယ့် အခက်အခဲ ရှိနေကြတယ်။

လုပ်သား(၂): မြန်မာပြည် ပြန်လာချင်တဲ့သူတွေ အများကြီးပါပဲ။ ကျွန်တော့် သူငယ်ချင်း တွေထဲမှာလည်း Overstay နဲ့ အလုပ် လုပ်နေကြသူတွေ အများကြီး။ အခု လက်ရှိ ဟိုမှာကြားတာ ကတော့ Overstay သမားတွေလည်း ပြန်လာလို့ရတယ် ကြားတယ်။ ဒါပေမဲ့ မြန်မာသံရုံးကို ရင်းဂစ် ၁၈၀ နဲ့ မလေးရှား Immigration (လ.၀.က) ကို ရင်းဂစ် ၄၀၀ ဒဏ်ကြေးပေးရင် တရားဝင် ပြန်ခွင့် ရမယ်လို့ ကြားမိတယ်။

Voice : အခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေက ကွာလာလမ်ပူ တစ်နေရာတည်းမှာပဲ ဖြစ်နေတာလား။ တခြားဒေသတွေ မှာရော အလားတူ အကြမ်းဖက်မှုတွေ ရှိနေလား။

လုပ်သား(၁) : အကြမ်းဖက်မှုတွေတော့ ရှိတယ်။ ဒါပေမဲ့ ပစ္စည်းလုတာ သက်သက်လောက်ပဲ ကြားမိတယ်။ ကွာလာလမ်ပူမှာတော့ အကြမ်းဖက် လူသတ်မှုတွေထိ ဖြစ်နေတယ်။

လုပ်သား(၂) : ကျွန်တော့်ကိုယ်တွေ့ မဟုတ်ပေမယ့် သူငယ်ချင်းတွေဆီကနေ ကြားရတာ ကတော့ အကြမ်းဖက်မှုတွေ ရှိတယ်လို့တော့ ကြားရတယ်။

Voice : MAI က လေယာဉ် လက်မှတ်ခကို တစ်ဝက်ဈေးနဲ့ ရောင်းချပေးတယ်လို့ သိရတယ်။ ညီလေးတို့ အခု ပြန်လာတဲ့ လေယာဉ် လက်မှတ်ခ ဘယ်လောက်တုံး။

လုပ်သား(၁) : တစ်ဝက်ဈေးနဲ့ မဟုတ်ပါဘူး။ အရင်ဈေး အတိုင်းပါပဲ။ ကျွန်တော်ဆိုရင် ပွဲစားက တစ်ဆင့် လက်မှတ်ဝယ်ရတာ ရင်းဂစ် ၃၀၀ ပေးရတယ်။ မြန်မာပြည်က အကူအညီပေးတဲ့ အဖွဲ့တွေ ရောက်လာပြီး ၅၀ ရာခိုင်နှုန်း လျှော့ပေးမယ် ကြားတယ်။

လုပ်သား(၂) : ကျွန်တော်ကတော့ သူဌေးကပဲ လေယာဉ်လက်မှတ် ဝယ်ပေးလိုက်တာမို့ ဘယ်လောက် ကျလဲ မသိပါဘူး။

Voice : မလေးရှားက ပြန်လာတဲ့ မြန်မာလုပ်သားတွေကို လုပ်ငန်းရှင်တချို့က အလုပ်အကိုင် အခွင့် အလမ်းတွေ ပေးမယ်လို့ ကြားမိတယ်။ ညီလေးတို့ကော အဲဒီနေရာတွေမှာ ဝင်လုပ်ဖို့ အစီအစဉ် ရှိလား။

လုပ်သား(၁) : တကယ်ဆိုရင်တော့ ကျွန်တော် ဝင်လုပ်ချင်တာပေါ့။

လုပ်သား(၂) : ကျွန်တော်က မကွေးတိုင်း ဆိတ်ဖြူမှာ နေတာဆိုတော့ အခြေအနေပေါ် ကြည့်ရဦးမယ်။

(ခိုင်စိုးလင်း၊ ခွာလ်ကမ်းကေ)
The Voice Weekly

No comments:

Post a Comment