Tuesday, June 18, 2013

မမျှော်မှန်း နိုင်သော အန္တရာယ် များကြောင့် မလေးရှားမှ မြန်မာ အလုပ် သမားများ ထပ်မံ ရောက်ရှိ

မလေးရှား နိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မမျှော်မှန်း နိုင်သော အန္တရာယ်များ ကျရောက် နိုင်သဖြင့် မြန်မာ နိုင်ငံသို့ ပြန်လာလိုသော မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား
များမှ ဒုတိယ အသုတ်အဖြစ် အမျိုးသား ၂ဝ နှင့် အမျိုးသမီး ငါးဦးတို့သည် ယနေ့ မွန်းလွဲ ၁ နာရီ ၅၁ မိနစ်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  ထပ်မံ ရောက်ရှိ လာကြသည်။
မလေးရှားမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာ အလုပ်သမား မိသားစုများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရ သည်။
ပထမဦးစွာ မော်လမြိုင်မှ ကိုလင်းမောင်ဦးက ''ကျွန်တော့် အတွေ့အကြုံ ကတော့ ISK မှာ အခု အလုပ်လုပ်တာပေါ့နော်။ အလုပ်လုပ်တဲ့ အခါကျတော့ အခုကိစ္စတွေ ဖြစ်လာတော့ စိုးရိမ် လာပြီး ကြောက် လာတယ်၊ အခုလိုပြန်ဖို့ အတွက်ကို လူကြီးတွေက စီစဉ်ပေးလို့ ပြန်ရောက် လာတာပေါ့နော်၊ အခုအနေအထား ကျတော့ သိပ်အဆင် မပြေလှဘူး၊ ကိုယ့် အသက်ကို ပေးရမယ့် အနေအထား ဖြစ်နေပြီ အာမခံချက် မရှိဘူး၊ ကျွန်တော် အလုပ်လုပ်တာ လေးနှစ်လောက်ရှိပြီ၊ အခု လိုပုံစံနဲ့ မလေးရှား ကနေ မြန်မာပြည်ကို ရောက်လာပြီပေါ့နော်၊ သူတို့ကူညီ ပေးတဲ့အတွက်လည်း ကျွန်တော်တို့ ကျေးဇူး တင်ပါတယ်''ဟု ပြောကြားသည်။
ကျောက်ပန်းတောင်းမြို့နယ် ဘိုကုန်းရွာမှ မလေးရှားတွင် ဓားထိုးခံရသူ ဦးထွန်းမော်သိန်း၏ အစ်မများက ''ကျွန်မကြားရတဲ့ သတင်းကတော့ သူမကျန်းမာဘူးလို့ပဲ ကြားတယ်၊ မကျန်းမာလို့ ဆေးရုံ တင်ထား တာပဲ ကြားတယ်၊ အခု နောက်ပိုင်းကျတော့ မဟုတ်ဘူး၊ လူသုံးယောက်က ဝိုင်းပြီး ဓားနဲ့ထိုးလို့ ဆေးရုံမှာ တက်ရပါတယ် ကြားတယ်၊ အခု နည်းနည်းတော့ သက်သာတယ်၊ မြန်မာပြည်ကို ဒီနေ့ပြန်လွှတ်မယ်၊ ဒီမှာ လာကြိုပါဆိုလို့ ကျောက်ပန်းတောင်း ကနေ လာကြို ရခြင်း ဖြစ်ပါတယ်''ဟု ပြောကြားသည်။
အဆိုပါ အလုပ်သမားများ အတွက် မြန်မာနိုင်ငံမှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေး နေမှုများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတို့ ထံမှ ကြားသိ ခဲ့ရသည်။
ထူးဖောင်ဒေးရှင်းမှ ဦးပေါ်မြင့်ဦးက ''ကျွန်တော်တို့ ထူးဖောင်ဒေးရှင်း အနေနဲ့ကတော့ မလေးရှား မှာ ဘေးဒုက္ခ ရောက်ပြီး အန္တရာယ် ရောက်တဲ့ဟာတွေကို ရှောင်ကွင်းပြီး ပြန်လာရတဲ့ လူတွေကို တစ်ယောက်ကို ကနဦး အနေနဲ့ ဒေါ်လာ ၁ဝဝ စီပေးဖို့ စီစဉ်ထားပါတယ်။ သူတို့ ရန်ကုန် ရောက်ချိန်မှာ အခက်အခဲတွေ ရှိမှာ သွားဖို့၊ လာဖို့၊ နေဖို့၊ စားဖို့လိုမယ့် ဟာတွေကို ဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်အရ တစ်ယောက်ကို ဒေါ်လာ ၁ဝဝ စီ လာလှူတာပါ။ ကျွန်တော်တို့ မိသားစု ကုမ္ပဏီ ဖြစ်တဲ့ Air Bagan၊ Asia Win ကလည်း အလုပ်အကိုင် ရှာဖွေပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒီမှာလည်း ကျွန်တော်တို့ ကောင်တာ ဖွင့်ပြီးတော့ လုပ်ပေးမှာပါ ခင်ဗျာ''ဟု ရှင်းပြသည်။
ဧရာဝတီ ဖောင်ဒေးရှင်းမှ ဦးအောင်မျိုးစောက ''၁၂ ရက်နေ့ ကပေါ့နော်။ အဲဒီနေ့က နာရေးကူညီမှု အသင်းတို့ ဘာတို့နဲ့ ကတ်ဘော ဘုန်းကြီးကျောင်း၊ ဗမာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့ ဆာလာရန်း ကုန်ဈေးတန်း ဒိုင်ကို ရောက်ခဲ့တယ်။ အဲဒီနေရာကနေ ရှောင်ပြေးလာတဲ့ ဗမာနိုင်ငံသား ၁၆ ယောက် လောက် ကို တွေ့ဆုံခဲ့ပါတယ်။ လိုအပ်တဲ့ အကူအညီ၊ စိတ်ဓာတ်အင်အား မြှင့်တင်ပေးဖို့ ကျွန်တော်တို့ ရောက်ရှိ သွားပြီးတော့ ဆွေးနွေးကြပါတယ်။ ဘာတွေ လိုအပ်လဲ၊ အမြန်ဆုံး မြန်မာပြည်ကို ဘယ် လို ပြန်နိုင် လဲ၊ ကျွန်တော်တို့  ဧရာဝတီ ဖောင်ဒေးရှင်းအနေနဲ့ ဘယ်လို ကူညီနိုင်မလဲ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
တချို့တွေက စာအုပ်တွေ မရှိတော့တာရှိတယ်။ အလုပ်ရှင်တွေက သိမ်းထားတာတွေ ရှိတယ်။ အေးဂျင့်တွေက သိမ်းထားတာတွေ ရှိတယ်။ နောက်တစ်ခုက တချို့ကတော့ ''ဝ''တွေ ဖြစ်နေတာ ရှိတယ်။ သူတို့ဆို ပုန်းနေရတယ်။ တိမ်းရှောင်တဲ့ သူတွေကို အမိနိုင်ငံကို အေးအေး ချမ်းချမ်းနဲ့ လုံလုံခြုံခြုံ ပြန်ရောက်နိုင် ဖို့အတွက်ကို ကျွန်တော်တို့က ကူညီ ပေးတာပါ။ ကနဦးအနေနဲ့ လေယာဉ် လက်မှတ် ၁ဝဝဝ စာကို ပထမအသုတ် အနေနဲ့ လူဦးရေ ၂၅ ယောက်ကို ကျွန်တော်တို့ စတင် ခေါ်လာတာ ဖြစ်ပါတယ်''ဟု ပြောကြားသည်။
ရွှေပျံလွှား ခရီးသည် ပို့ဆောင်ရေး အသင်းမှ ဦးစိုးမြင့်အောင်က ''မလေးရှားက ပြန်လာတဲ့ မြန်မာ ခရီးသည်တွေကို မိသားစု စိတ်ဓာတ်နဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ မည်သည့် နေရာမ ဆို မိသားစု အကုန်လုံးကို အိမ်အ ရောက် စိတ်ချမ်းသာ လက်ချမ်းသာ ဖြစ်အောင် လိုက်ပို့ပေးပါမယ်။ အဲဒီအတွက် အခကြေးငွေ မယူပါဘူး။ ကားအစီးရေ ၇၅ စီးနဲ့ အဆင်သင့် လုပ်ထားပါ တယ်''ဟု ပြောကြား သည်။
အဆိုပါ မလေးရှားမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာသည့် မြန်မာ အလုပ်သမားများအား ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ယူ ခေါ်ဆောင် လာခဲ့ခြင်းဖြစ်ပြီး ထူးဖောင်ဒေးရှင်းမှလည်း သက်ဆိုင်ရာ မြို့နယ်များသို့ အိမ်တိုင် ရာရောက်ပို့ ဆောင် ပေးခြင်း၊ ငွေကြေး ထောက်ပံ့ပေးခြင်း တို့အား ဆက်လက် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။     
မြဝတီ

No comments:

Post a Comment