Sunday, June 2, 2013

ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနား ရန်ကုန်မြို့၌ ပြုလုပ်မည်


kachinwish-june1
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မိုင်းနား (KBC) ဒုက္ခသည် စခန်းရှိ ကလေးငယ် တစ်ဦးအား မေ ၃၁ ရက်က တွေ့ရစဉ်

ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနားကို ရန်ကုန်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ သိရသည်။
ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနားကို နှစ်ရက်ခွဲကာ ပြုလုပ်မည်ဖြစ်ပြီး ဇွန် ၇ ရက်တွင် Central Hotel၊ ဇွန် ၉ ရက် နှစ်နှစ်ပြည့်သည့်နေ့တွင် အလုံမြို့နယ် အလုံလမ်းရှိ ပိုးကရင် သာသနာဝင်း တွင် ပြုလုပ် မည် ဖြစ်သည်။
"ဇွန် ၇ ရက်ကတော့ သံတမန်တွေအတွက် ပြုလုပ်တာပါ။ ဇွန် ၉ ရက်ကတော့ မြန်မာနိုင်ငံ သားတွေအတွက် လုပ်တာဖြစ်ပါတယ်။ ဒီနှစ် အခမ်းအနားမှာ အဓိကကတော့ ဒီနှစ်နှစ် ကာလအတွင်းမှာ စစ်ကြောင့် သေဆုံးခဲ့တဲ့ သူတွေကို အမျှဝေမှာပါ။ တက်ရောက်သူတွေက ပန်းတစ်ပွင့်စီ ယူလာပေးပြီး အခမ်းအနားမှာ ပါဝင်နိုင်ပါတယ်" ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။
ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနားကို ငြိမ်းချမ်းရေး လိုလားသော ကွန်ရက် ၁၇ ခုမှ ပူးပေါင်းပြုလုပ်မည်ဖြစ်ကာ ကချင်ငြိမ်းချမ်းရေး ကွန်ရက်၊ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်၊ ရှမ်းပြည်မျိုးဆက် အင်အားစု၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အဖြူရောင် တွဲလက်များ၊ Peace Machine၊ ဂီတလူမှု ၀န်ဆောင်ကူညီရေး အဖွဲ့၊ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့များ စသည်ဖြင့် ပါဝင်မည်ဖြစ်သည်ဟု သိရှိရသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တစ်ကျော့ပြန် တိုက်ပွဲ များ ဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် စတင်ခဲ့သည်။ တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ဖြစ်သည်။ နောက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မန်စီမြို့နယ် စသည့်မြို့နယ် များသို့ပါ သက်ရောက်မှုများ ရှိလာခဲ့သည်။
တိုက်ပွဲများ ဖြစ်ပွားသည့် နှစ်နှစ်တာ ကာလအတွင်း ကချင်ပြည်နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၀၀ ၀န်းကျင်မှ ဒေသခံဦးရေ တစ်သိန်းဝန်းကျင်သည် နေရပ်မှ စွန့်ခွာကာ ဒုက္ခသည် စခန်းများ တွင် နေထိုင်နေကြရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၃ ခုနှစ် မေ ၂၈ ရက်မှ စတင်ကာ အစိုးရနှင့် ကေအိုင်အို တို့အကြား သုံးရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မရရှိသေးသော်လည်း ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး က ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်ဟု သိရသည်။
ကချင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများရှိ စစ်ပြေးဒုက္ခသည်များအား တစ်လအတွင်း နေရပ်ပြန်နိုင်ရေး အတွက် ကြိုးပမ်းသွားမည်ဟုလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားခဲ့သည်။

No comments:

Post a Comment