Friday, June 14, 2013

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဇူလိုင်လဆန်းတွင် စတင်ပေးပို့မည်ဖြစ်ပြီး ခန့်မှန်းချိန်ထက် တစ်လကျော်နောက်ကျ

6.13.4

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ပိုက်လိုင်းစခန်း တစ်နေရာအား တွေ့ရစဉ်
ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချ မည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့များကို ဇူလိုင်လဆန်းတွင် စတင်ပေးပို့မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနရုံး အဖွဲ့မှူး ဦးဌေးအောင်က ပြောကြားသည်။
အဆိုပါ ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ကို ပြီးခဲ့သည့် မေလအတွင်း စတင်ပေးပို့နိုင်ရန် လျာထားခဲ့သော် လည်း လာမည့်ဇူလိုင်လဆန်းမှသာ စတင်ရောင်းချ နိုင်တော့မည် ဖြစ်သည်။

''ပေးပို့ဖို့ အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ဇူလိုင်လဆန်း ၀န်းကျင်မှာ စတင်ပေးပို့မှာဖြစ်ပြီး ရက်တော့ အတိအကျမသိသေးပါဘူး။ ဖွင့်ပွဲအခမ်းအနားလည်း ပြုလုပ်ဖို့ရှိပါတယ်'' ဟု ဦးဌေးအောင်က ဆက် လက်ပြောကြား သည်။

သဘာဝဓာတ်ငွေ့ကို ဇူလိုင်လဆန်းတွင် စတင်ပေးပို့နိုင်မည် ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ပိုက် လိုင်းဆောက်လုပ်မှုအပိုင်းနှောင့်နှေးနေခြင်းကြောင့် အပြည့်အ၀ပေးပို့ရန် သုံးလခန့် နှောင့်နှေး   နိုင်ကြောင်း  စွမ်း အင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြား ချက် ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းသည် ၇၉၃ ကီလိုမီတာ ရှည်လျားပြီး ရေနံပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ ရှည်လျားသည်။ ဓာတ်ငွေ့ပိုက်လိုင်းသည် ကနဦး ကာလတွင် တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗပေ ၅ ဒသမ ၂ ဘီလျံတင်ပို့နိုင်ပြီး နောက်ပိုင်း တွင် ကုဗမီတာ ၁၂ ဘီလျံအထိ ပေးပို့နိုင်မည် ဖြစ်သည်။

ရေနံစိမ်းပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း ပေးပို့နိုင်မည် ဖြစ်ပြီး အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် နှစ်သန်းနှင့် ဓာတ်ငွေ့ကုဗမီတာ နှစ်ဘီလျံကို ပို့ဆောင် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခ အဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေနှင့် ပို့လွှတ်မည့် ရေနံ တစ်တန် လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်သည်။

ရွှေစီမံကိန်းသည် မြန်မာနိုင်ငံ၏ တတိယမြောက် ပြည်ပသို့ တင်ပို့ရောင်းချမည့် သဘာဝဓာတ်ငွေ့သိုက် တစ်ခုဖြစ်ပြီး နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ရပိုင်ခွင့်များ ဖြစ်သော ခိုင်ကြေး (Royalty)၊ အစုရှယ်ယာ၊ ဓာတ်ငွေ့သယ်ဆောင်ခရငွေ၊ ပိုက်လိုင်းဖြတ်သန်းခငွေနှင့် ၀င်ငွေခွန်များ ရရှိမည်ဖြစ်သည်။

ယခုတရုတ်နိုင်ငံသို့ မကြာမီရောင်းချတော့မည့် ရွှေစီမံကိန်းနှင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ရောင်းချမည့် ဇောတိက စီမံကိန်းများမှ ရရှိသော ၀င်ငွေ၏ ရာခိုင်နှုန်း ၆၀ ကို မြန်မာဘက်မှ ရရှိမည်ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာနက ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို Daewoo မှ ၈၅ ရာခိုင်နှုန်း၊ OVL မှ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ GAIL မှ ၈ ဒသမ ၅ ရာခိုင်နှုန်း၊ KOGAS မှ ၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏတန်ဖိုးကို တရားဝင် မထုတ်ပြန်သေးကြောင်း သိရသည်။
EMG

No comments:

Post a Comment