Wednesday, June 19, 2013

ILO မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကျန်ရှိနေသေးသော တားမြစ်ကန့်သတ်ချက်များ အားလုံးကို ရုပ်သိမ်းပေး

မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်၊
(၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံနှင့် ၂ဝဝဝ ပြည့်နှစ်၊ (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတို့မှ မြန်မာနိုင်ငံအပေါ် တားမြစ် ကန့်သတ်သော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။ ယင်း ဆုံးဖြတ်ချက်များ အနက် (၈၇) ကြိမ်မြောက် ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက်များ အားလုံးနှင့် (၈၈) ကြိမ်မြောက် ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက် အချို့ကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လတွင် ကျင်းခဲ့သော (၁ဝ၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ၂ဝ ရက်နေ့ အထိ ကျင်းပ ပြုလုပ်လျက်ရှိသည့် (၁ဝ၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကာလအတွင်း Selection Committee အစည်းအဝေးများ၌ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးသည့် တားမြစ်ကန့်သတ်ချက် နှစ်ရပ်ဖြစ်သည့် (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက် အပိုဒ်ခွဲ (က) ပါ မြန်မာနိုင်ငံမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်များအား လိုက်နာ အကောင်အထည်ဖော်မှုကို အလုပ်သမားရေးရာ ညီလာခံများတွင် Committee on the Application of Standards ၏ ဆွေးနွေးမှုများ အောက်၌ အထူး အစည်းအဝေး တစ်ရပ်ဖြင့် ဆွေးနွေးသွားရန်နှင့် အပိုဒ်ခွဲ (ခ) ပါ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် လိုအပ်သော သုံးသပ်မှုများ ပြုလုပ်ရန် အချက် (၂) ချက်အပေါ် ပြန်လည် သုံးသပ်၍ အသေးစိတ် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။  Selection Committee အစည်းအဝေး၏ ဆွေးနွေးမှု ရလဒ်များအရ (၁ဝ၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကျန်ရှိနေသေးသော တားမြစ် ကန့်သတ်ချက်များ အားလုံးကို ရုပ်သိမ်းပေးရန် ဆုံးဖြတ်ချက်အဆို (မူကြမ်း) တစ်ရပ်ကို ညီလာခံ မျက်နှာစုံညီ အစည်းအဝေးသို့ ဆက်လက် တင်သွင်းခဲ့ရာ ၁၈-၆-၂ဝ၁၃ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၄ဝ (မြန်မာ စံတော်ချိန် ည ၉ နာရီ ၁ဝ မိနစ်) အချိန်တွင် ညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှ အတည်ပြု ချမှတ်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်ပါ အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- (က) ၂ဝဝဝ ပြည့်နှစ်၊ (၈၈) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အပိုဒ်ခွဲ (က) ကို ရပ်ဆိုင်းရန် ဆုံးဖြတ်သည်။ (ခ) ၂ဝဝဝ ပြည့်နှစ်၊ (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အပိုဒ်ခွဲ (ခ) ကို ရပ်ဆိုင်းရန် ဆုံးဖြတ်သည်။ (ဂ) ၂ဝဝ၇ ခုနှစ်၊ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာနှင့် ၂ဝ၁၂ ခုနှစ်၊ မတ်လ နားလည်မှု စာချွန်လွှာနှင့် ဆက်နွှယ်သည့် ၂ဝ၁၅ ခုနှစ် ခန့်တွင် ပုံစံမျိုးစုံဖြင့် အဓမ္မစေခိုင်းမှု ပပျောက်စေရေး လုပ်ငန်း စီမံချက် များကို လူမှုရေး မိတ်ဖက်များနှင့်အတူ ဆက်လက် အကောင်အထည်ဖော်ရန် အိုင်အယ်လ်အို ရုံးနှင့် မြန်မာနိုင်ငံ အစိုးရတို့ကို မေတ္တာရပ်ခံသည်။ (ဃ) အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် တာဝန်ရှိသော ရင်းနှီးမြှုပ်နှံမှုတို့ အပါအဝင် မြန်မာနိုင်ငံ၌ အိုင်အယ်လ်အို၏ ဆောင်ရွက်ချက်များကို အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့မှ သုံးသပ် သွားနိုင်ရေးအတွက် အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ်မှ မတ်လ အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးများသို့ အစီရင်ခံစာ တစ်စောင်ကို မြန်မာနိုင်ငံတွင် အဓမ္မစေခိုင်းမှု ပပျောက်သည့် အချိန်ထိ တင်သွင်းသွားရန် ဖိတ်ခေါ်သည်။ (င) မြန်မာနိုင်ငံ၌ အဓမ္မစေခိုင်းမှု ပပျောက်ရေးနှင့် လူမှုရေး ညီညွတ်မျှတမှု ပိုမို ဖြစ်ထွန်းရေးအတွက် အိုင်အယ်လ်အို၏ အကူ အညီဖြင့် မြန်မာနိုင်ငံ အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ အတွက် ငွေကြေး အထောက်အပံ့နှင့် လိုအပ်သည့် အကူအညီများကို အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများ အပါအဝင် အစိုးရ၊ အလုပ် သမား၊ အလုပ်ရှင်တို့ဖြင့် ဖွဲ့စည်းထားသည့် အိုင်အယ်လ်အို အဖွဲ့ဝင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပံ့ပိုးပေးကြရန် တိုက်တွန်းသည်။ (စ) အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများ အပါအဝင် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်တို့ဖြင့် ဖွဲ့စည်းထားသည့် အိုင်အယ်လ်အို အဖွဲ့ဝင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုနှင့် ဆက်စပ်သည့် မည်သည့် သတင်း အချက်အလက်ကိုမဆို အနီးကပ် စောင့်ကြည့်၍ အိုင်အယ်လ်အိုသို့ အသိပေးရန် မေတ္တာရပ်ခံသည်။  ယခုကဲ့သို့ ကျန်ရှိနေသည့် တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်းနိုင်ခဲ့ခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် အဓမ္မစေခိုင်းမှု ပပျောက်ရေးအတွက် ဥပဒေပြုခြင်းများအပါအဝင် ထိရောက်သော လက်တွေ့ ဆောင် ရွက်မှုများနှင့် ရလဒ်များ ပေါ်ထွက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ဤဆောင်ရွက်ချက်များကို အိုင်အယ်လ်အို ရုံးအပါအဝင် အစိုးရ၊ အလုပ်သမားနှင့် အလုပ်ရှင်တို့ဖြင့် ဖွဲ့စည်းထားသည့် အိုင်အယ်လ်အို အဖွဲ့ဝင်များက လည်းကောင်း၊ နိုင်ငံတကာ အသိုက်အဝန်းက လည်းကောင်း ကောင်းစွာသိရှိ အသိအမှတ် ပြု လာသောကြောင့် ဤသို့ ရလဒ်ကောင်းများ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။  (၁ဝ၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် လည်းကောင်း၊ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၊ ဂျီနီဗာမြို့အနေဖြင့် လည်းကောင်း၊ မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင် ဖွဲ့စည်းထားသည့် အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များ အနေဖြင့် လည်းကောင်း မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အကျိုး၊ မြန်မာ အလုပ်သမားများ၏ အကျိုးအတွက် ညီညွတ် စွာဖြင့် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ် ဖြစ်ပါသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ် အိုင်အယ်လ်အိုမှ ချမှတ်ထားသည့် ကျန်ရှိနေသေးသော တားမြစ် ကန့်သတ်ချက်များကို အပြီးတိုင် ရုပ်သိမ်းနိုင်ခဲ့သည့် အတွက် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် ကုန်သွယ်မှုများကို တိုးတက် ပြုလုပ်လာနိုင်ရေးအတွက် လည်းကောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် ရရှိလာစေရေးအတွက် လည်းကောင်း၊ မြန်မာနိုင်ငံ သားများ အလုပ်အကိုင် အခွင့်အလမ်း တိုးတက် ရရှိနိုင်ရေးအတွက် လည်းကောင်း ပိုမိုအထောက် အကူ ဖြစ်လာစေနိုင်မည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း စာတွင် ဖော်ပြထားပါသည်။ 
From...ခေတ်လူငယ်

No comments:

Post a Comment