Sunday, July 21, 2013

အစိုးရ ၀န်ကြီးဌာန ၂၂ ခုနှင့် ဗဟိုအဖွဲ့အစည်း ငါးခုသည် သုံးမကုန် ပိုလျှံငွေကျပ် ၇၅ ဘီလျံကျော်ကို အချိန်မီ ပြန်မအပ်ခြင်းသည် မမှန်မကန် အလွဲသုံးမှု ဖြစ်စေနိုင်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး သုံးသပ်

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုထားသော အသုံးစရိတ်များအနက် သုံးမကုန်သော ပိုလျှံငွေများကို ၀န်ကြီးဌာန ၂၂ ခုနှင့် ဗဟိုအဖွဲ့အစည်း ငါးခုမှ သတ်မှတ်ချိန်ထက် များစွာနောက်ကျ၍ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
ဗဟိုအဖွဲ့အစည်း ငါးခုနှင့် ၀န်ကြီးဌာန ၂၂ ခုသည် သုံးမကုန် ပိုလျှံရန်ပုံငွေကျပ် ၇၅ ဘီလျံကျော်ကို ရသုံး မှန်းခြေ ငွေစာရင်းဦးစီးဌာနမှ နောက်ဆုံးအပ်နှံရန် သတ်မှတ်ထားသော ၂၀၁၂ ခုနှစ် မတ် ၂၈ ရက်တွင် အပ်နှံခြင်း မရှိဘဲ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ ခြောက်လနီးပါး နောက်ကျခံ အပ်နှံ ခဲ့ခြင်း ဖြစ် သည်။

ဗဟိုအဖွဲ့အစည်း ငါးခုမှ ငွေကျပ် ၄ ဒသမ ၂၄၇ ဘီလျံကို လည်းကောင်း၊ ၀န်ကြီးဌာန ၂၂ ခုမှ ငွေကျပ် ၇၁ ဒသမ ၂၅၇ ဘီလျံကို လည်းကောင်း၊ စုစုပေါင်း သုံးမကုန် ပိုလျှံငွေ ၇၅ ဒသမ ၅၀၄ ဘီလျံကို နောက် ကျ အပ်နှံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ နောက်ကျအပ်နှံခဲ့ခြင်းသည် မမှန်မကန် ဆောင်ရွက်မှု၊ အလွဲသုံးမှု၊ စာရင်းလွဲမှား ဖော်ပြမှု စသည် တို့ကို ဖြစ်စေကြောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏အရအသုံး စာရင်းများ အပေါ် ပြည်ထောင် စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်သူ့ငွေစာရင်း ဦးစီး ဌာနမှ ပြန်လည်စိစစ်ကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာ တွင် ဖော်ပြထား ချက် များအရ သိရသည်။

နောက်ကျအပ်နှံမှုများမှာ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်လည်း ကိုက်ညီမှုမရှိဘဲ ဘဏ္ဍာငွေကြေး အင်အား ခိုင်မာမှု မရှိသေးသည့် မြန်မာနိုင်ငံအတွက် ပိုမို၍ အားလျော့မှုကို ဦးတည်စေကြောင်း၊ စည်းမျဉ်း မကျနမှုမှ ဆက်၍ မမှန်မကန် ဆောင်ရွက်မှု၊ အလွဲသုံးမှု၊ စာရင်းလွဲမှား ဖော်ပြမှု . . . . .

ထို့ထက်ပို၍ အခြားသော ဗဟိုအဖွဲ့အစည်း တစ်ခုနှင့် ၀န်ကြီးဌာန ငါးခုတို့သည်လည်း သတ်မှတ်ချိန် ထက် တစ်နှစ်နီးပါး ကြာမြင့်မှသာ သုံးမကုန်သည့် ပိုလျှံရန်ပုံငွေကျပ် ၁ ဒသမ ၇၁၇၆ ဘီလျံကို နောက်ကျအပ်နှံခဲ့သည်ဟု သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ရောက်ရှိမှ သုံးမကုန်သည့် ပိုလျှံရန်ပုံငွေကျပ် ၁၁ ဒသမ ၉ သန်းကို ပြန်အပ်ခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနသည်လည်း စက်တင်ဘာလ ရောက်ရှိမှသာ ကျပ် ၁၂၉ ဒသမ ၈ သန်းကို ပြန်အပ်ခဲ့ကြောင်း၊ လယ်/ဆည် ၀န်ကြီးဌာနသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကုန်ပိုင်းရောက်မှ ပိုလျှံငွေကျပ် ၁၅၅၃ ဒသမ ၇ သန်းကို လည်းကောင်း၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလရောက်မှ ပိုလျှံငွေကျပ် ၂၀ ဒသမ ၅ သန်းကို လည်းကောင်း၊ အားကစား ၀န်ကြီးဌာနသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကုန်ရောက်မှ ကျပ် ၀ ဒသမ ၇ သန်းကို လည်းကောင်း၊ ပို့ဆောင်ရေး ၀န်ကြီးဌာနသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ရောက်မှ သာ ကျပ် ၀ ဒသမ ၈ သန်းကို လည်းကောင်း နောက်ကျခံ အပ်နှံ ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗဟိုအဖွဲ့အစည်း အသီးသီးနှင့် ၀န်ကြီးဌာန အသီးသီးမှ နောက်ကျခံ အပ်နှံခဲ့သည့်အတွက် အမှန်တကယ် အများပြည်သူအတွက် လိုအပ်၍ အသုံးပြုရမည့် ၀န်ကြီးဌာနများမှာ နစ်နာ ရကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့်စီမံကိန်းများတွင် လွှဲပြောင်းသုံးစွဲခြင်း မပြုနိုင်သည့် အတွက် နိုင်ငံ အနေဖြင့် နစ်နာရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ကျအပ်နှံမှုများမှာ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်လည်း ကိုက်ညီမှုမရှိဘဲ ဘဏ္ဍာငွေကြေး အင်အား ခိုင်မာမှု မရှိသေးသည့် မြန်မာနိုင်ငံအတွက် ပိုမို၍ အားလျော့မှုကို ဦးတည်စေကြောင်း၊ စည်းမျဉ်း မကျနမှုမှ ဆက်၍မမှန်မကန် ဆောင်ရွက်မှု၊ အလွဲသုံးမှု၊ စာရင်းလွဲမှား ဖော်ပြမှု စသည် တို့ကို ဖြစ်စေ သည့် အခြေအနေ ဖန်တီးပေးထားသကဲ့သို့ ဖြစ်စေကြောင်း အစီရင်ခံစာတွင် ထည့်သွင်း ထား သည်။
Eleven Media Group

2 comments:

  1. ဖဲရှုံးသွားလို့ပါ ဆိုနေမှ...နားမလည်ဘူးလား.....

    ReplyDelete
  2. ဖဲရှုံးသွားလို့ပါ..လို့..ပြောနေတာ..နားမလည်ဘူးလား...ဖြုတ်မပစ်နဲ့လေ
    အဟုတ်ပြောတာ..

    ReplyDelete