Tuesday, July 16, 2013

မလေးရှားအကျဉ်းထောင် အတွင်းရှိ မြန်မာနိုင်ငံသားအားလုံး လွတ်မြောက်ရန် ကြိုးပမ်းဟုဆို

တရားမဝင် နေထိုင်မှုများကြောင့် မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသော မြန်မာနိုင်ငံသားများအားလုံး လွတ်မြောက်နိုင်ရန် ဆောင်ရွက်နေကြောင်း သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက The Voice သို့ မိန့်ကြားသည်။

“မလေးရှားနိုင်ငံမှာရှိတဲ့ သီတဂူ သာသနာပြု အထောက်အကူအဖွဲ့ရဲ့ ကူညီမှုနဲ့ မြန်မာနိုင်ငံသား ၂၀၀ လောက် အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပါပြီ။ ဇူလိုင်လ ၁၆ ရက်နေ့ကို ကမ္ဘောဇ လေကြောင်းလိုင်းနဲ့ လူ ၁၇၀ ပြန်လာမယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် နယ်စပ်များမှ တရားမဝင် (အောက်လမ်း) ဖြင့် သွားရောက်သဖြင့် အဖမ်းခံရသူများနှင့် ပတ်စ်ပို့၊ ဗီဇာသက်တမ်း ကုန်ဆုံးခြင်းကြောင့် အဖမ်းခံ ရသူ မြန်မာနိုင်ငံသားဦးရေ လူ ၄၀၀၀ ခန့် မလေးရှားရှိ အကျဉ်းထောင်များတွင် ရှိနေသေးသောကြောင့် အားလုံးလွတ်မြောက်နိုင်ရေး ကြိုးပမ်းသွားရဦးမည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြား သည်။

မလေးရှားနိုင်ငံတွင် အကျဉ်းကျနေသော မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရန် အတွက် မလေးရှားလေ ဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးဌာနသို့ ဒဏ်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၄၀၀ နှင့် လေဆိပ် အကောက်ခွန်သို့ ၂၅ ဒေါ်လာပေးဆောင်ရမည်ဖြစ်ပြီး လေယာဉ်ခရီးစဉ်အတွက် ကုန်ကျငွေမှာ မလေးရှားသို့ စင်းလုံးငှား တစ်ကြိမ်ပျံသန်းမှုအတွက် အမေရိကန် ဒေါ်လာ ၄၀,၀၀၀ ကျသင့် မည် ဖြစ်သည်။

ကမ္ဘောဇ လေကြောင်းလိုင်းက မလေးရှားသို့ စင်းလုံးငှားလေယာဉ်ဖြင့် တစ်ကြိမ် ပျံသန်းမှုစရိတ်၏ ထက်ဝက် (အမေရိကန်ဒေါ်လာ ၂၀,၀၀၀) ကို ကုသိုလ်ပြု ကျခံပေးပြီး ဇူလိုင်လ ၂၁ နေ့တွင်လည်း မလေးရှားနိုင်ငံတွင် အကျဉ်းကျနေသော မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူမည် ဖြစ်ကြောင်း ဆရာတော် အရှင်ဉာဏိဿရက ရှင်းပြသည်။

“ဒေါ်လာသုံးသိန်းလောက်ရှိတယ်။ အားလုံးကို ပြန်ခေါ်နိုင်ဖို့ ဆိုရင် နောက်ထပ် ဒေါ်လာနှစ်သိန်းလောက် လိုနေသေးတယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဗုဒ္ဓသာသနာ ပြန့်ပွားရေး လုပ်ဆောင်နေသော သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရသည် မြန်မာနိုင်ငံတွင် စက္ခုဒါန ဆေးရုံပေါင်း ၂၅ ခု ဖွင့်လှစ်ထားသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် မြန်မာလုပ်သား နှစ်သိန်းခန့်ရှိနေပြီး ၎င်းတို့ကို တရားဝင်အလုပ် လုပ်ကိုင်ခွင့်ရရှိရန် အထောက်အထားများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
 The Voice Weekly
 
 

No comments:

Post a Comment