Tuesday, July 16, 2013

ကရင်ပြည်နယ် မိုင်းကင်းရှင်းရေးအတွက် လက်နက်ကိုင်ငါးဖွဲ့ ဇူလိုင်လအတွင်း စတင်မည်

ကရင်ပြည်နယ်တစ်ခုလုံး မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းစေရန် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းငါးဖွဲ့က တာဝန်ယူပြီး ဇူလိုင်လအတွင်း စတင်လုပ်ဆောင်သွားရန် သဘောတူညီ ထားသည် ဟု DKBA ကလိုထူးဘောစစ်ဌာချုပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က မဇ္ဈိမသတင်း စာသို့ ပြော သည်။

ယင်းသို့ မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်သွားရန် ငြိမ်းချမ်းရေးကောင်စီ၊ KNU၊ DKBA ၊ နယ်ခြားစောင့်တပ်၊ ဘုရားကုန်း ငြိမ်းချမ်းရေးတပ်ဖွဲ့များက ဇူလိုင် ၁၃ ရက်က ဆွေးနွေး ခဲ့ကြခြင်းဖြစ် သည်။ မိုင်းများ ရှင်းလင်းရာတွင် မိမိထောင်ထားသည့် မိုင်းများကို မိမိတို့ကိုယ်တိုင် ရှင်းလင်းသွားမည်ဖြစ်ပြီး နောက်ထပ် ထပ်ထောင်ခြင်း မပြုလုပ်တော့ဟုလည်း ဗိုလ်မှူးကြီးဆန်းအောင် က ပြောသည်။ လုပ်ငန်းများကို ယခုရက်ပိုင်းအတွင်းတွင် စတင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းက “အရင်ကထောင်ထားတဲ့ မိုင်းတွေက အခုချိန်မှာ ရှိနေသေးတာတွေလည်းရှိသလို မရှိတော့ တာတွေ လည်းရှိတယ်၊ဒါပေမယ့် အခုချိန်ထိ ပြည်သူတွေ ထိခိုက်မိတာတွေ ရှိနေသေး တယ်၊ နောက်ပိုင်းကာလတွေမှာ ဒီလို ကရင်ပြည်သူတွေ ထိခိုက်မှုတွေကို ဆက်မဖြစ်စေချင်ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ ကရင်ပြည် မှာရှိတဲ့ အဖွဲ့တွေ သဘောတူလိုက်တာ”ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးခဲ့ရာတွင် မိုင်းရှင်းလင်းရေးအား အဓိက လုပ်ဆောင်ရန် သဘောတူခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment