Saturday, August 10, 2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ပြုလုပ်ခြင်းကို အစိုးရ သတင်းစာများ၌ ဖော်ပြ

8.9.1
သြဂုတ် ၉ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို သြဂုတ် ၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။
ထိုသို့ ဖော်ပြရာတွင် ''ရှစ်လေးလုံး(၂၅) နှစ်မြောက် အခမ်းအနားကျင်းပ'' ဟု ဖော် ပြခဲ့ပြီး အခမ်းအနား၏ နာမည်အပြည့်အစုံ ဖြစ်သော ''ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား'' မှ ''ဒီမိုကရေ စီအရေးတော်ပုံ'' ဟူသော စာသားကို ဖြုတ်ပယ်ပြီး ဖော်ပြခဲ့ကြောင်း သိရသည်။
သတင်းဖော်ပြရာ၌ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း၊ ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း ရေးသားကာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော ဂုဏ်ပြုမိန့်ခွန်းမှ အကြောင်းအရာ အချို့ကိုလည်း ရေးသားခဲ့သည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအ၀င် မြန်မာနိုင်ငံ အနှံ့အပြား၌ သြဂုတ် ၆ ရက်မှ စတင်ပြုလုပ်ခဲ့ပြီး ထိုသတင်းများကို အစိုးရ သတင်းစာများက ဖော်ပြခြင်း မရှိကြောင်း ဝေဖန်မှုများ ရှိခဲ့ပြီးနောက် သြဂုတ် ၉ ရက်တွင် သတင်းတိုတစ်ခု အနေဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖော်ပြခဲ့ခြင်းကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် ဖြန့်ဝေခဲ့သည်။ သို့သော် ထိုသတင်းတွင် ''ဒီမိုကရေစီ အရေးတော်ပုံ'' ဆိုသည့် စာသားကို ဖြုတ်ပယ်ပြီး ဖော်ပြခဲ့ခြင်းအား Facebook သုံးစွဲသူများက ဝေဖန်ခဲ့ပြီး သတင်းတွင် ပါဝင်သော အကြောင်းအရာ များမှာလည်း လိုရာဆွဲ ဖော်ပြမှုသာ ဖြစ်သည်ဟု ဝေဖန်ရေးသား ခဲ့ကြသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား မကျင်းပမီ အချိန်ကပင် အခမ်းအနား၏ ခေါင်းစဉ်မှ ''ဒီမိုကရေစီ အရေးတော်ပုံ'' စာသားကို ဖြုတ်ပယ်ပေးရန် ဖိအားပေးမှုများ ရှိခဲ့သော်လည်း လုံးဝဖြုတ်ပယ် မပေးခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

EMG

No comments:

Post a Comment